၂၃ အောက်တိုဘာ ၂၀၂၄

ပြည်ပမှယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြပြီး အန္တရာယ်ရှိသည်ကို သတိထားကြဖို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယနေ့ အောက်တိုဘာ ၂၃ ရက်မနက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင်ကျင်းပတဲ့ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါအန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့်မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊မြန်မာ့ယဉ်ကျေးမှု ၊ အနုပညာရပ်များကို ဆက်လက်ပြီး ရှင်သန်   ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါ  တယ်။

တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာ ကြီးမားမှု၊ မျိုးရိုးဂုဏ်ရှိန်ထည်ဝါမှု၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုနှင့်ယဉ်ကျေးသိမ်မွေ့ သည့် မြန်မာ့ဂုဏ်ရည်များကို မျိုးဆက်သစ်လူငယ်များအတွင်းစိမ့်ဝင်ပျံ့နှံ့နေပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ပါတယ်။

အခမ်းအနားတွင် ကဏ္ဍအလိုက်ဆုရရှိကြသူများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးအပါအဝင် တက်ရောက်လာကြသည့် ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပါတယ်။

ညနေပိုင်းတွင်လည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကိုပါ ဆက်လက်ကျင်းပခဲ့ ပြီး အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက် ချီးမြှင့်ပြီး ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကော်မတီများမှပုဂ္ဂိုလ်များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ၊နည်းပြများနှင့် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။

#ymg/knl