၂၅ အောက်တိုဘာ ၂၀၂၄

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အစားအသောက်အန္တရာယ်ကင်းရှင်းရေး နှင့်စစ်ဆေးရေး   ဌာနက မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းတဲ့ အသားမျိုးစုံနှင့် ကြက်ဘဲစားသောက်ကုန်များ  နှင့်ပတ်သက်ပြီး   ပြည်သူ့ကျန်းမာရေးတပ်လှန့်မှုတစ်ခုပြုလုပ်ထားတယ်လို့သိရပါတယ်။ အဆိုပါစစ်ဆေးရေးဌာနက မြန်မာနိုင်ငံက အဲဒီအစားအသောက်တွေ အမေရိကန်နိုင်ငံထဲ ဘယ်လိုဝင်ရောက်လာ တယ်ဆိုတာကိုပါ ဆက်လက်   စုံစမ်း စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတိပေးတပ်လှန့်ထားတဲ့ မြန်မာနိုင်ငံထုတ် စားသောက်ကုန်တွေဟာ မည်သည့်   ရက်စွဲနှင့် ထုတ်သည်ဖြစ်စေ မစားသုံးကြဖို့ နှိုးဆော်ထားပါတယ်။အဲဒီစားသောက်ကုန်တွေက-

“BEST” အမှတ်တံဆိပ် အမဲသားဟင်း ၁၈၀ ဂရမ် စည်သွတ်ဘူး။

“BEST” အမှတ်တံဆိပ် ကြက်သားဒန်ပေါက်  ၄၂၅ ဂရမ် စည်သွတ်ဘူး။

ထိမိဂွိ မုန့်ဟင်းခါးအခြောက်အနှစ်  ၃၆၉ ဂရမ် စည်သွတ်ဘူး။

“BEST” အမှတ်တံဆိပ် မြန်မာဘဲသွေး ၄၂၅ ဂရမ်စည်သွတ်ဘူး။

အိမ်ချက် မုန့်ဟင်းခါးရည်အနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။

မင်းသားကြီး ငါးခြောက် ၁၆၀ ဂရမ် အထုတ်။

အိမ်ချက် အုန်းနို့ခေါက်ဆွဲအနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။  တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီစားသောက်ကုန်တွေမှာ ဖွဲ့စည်းမှုအမှတ်လည်းမပါ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စစ်ဆေးထားတဲ့ အမှတ် အသားလည်းမပါဘူးလို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အဆိုပါ စားသောက်ကုန်တွေကို အာရီဇုန်နာ၊ကာလီဖိုနီးယား၊အိုင်အိုဝါ၊ကန်ဆပ်စ်၊ မာရီလန်း၊ မင်နီဆိုတာ၊ နီဘရာစကာ၊ အိုကလာဟိုးမားနှင့် တက္ကဆပ်တို့မှာရှိတဲ့ လက်လီဆိုင်တွေကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ အစား အသောက်စစ်ဆေးရေးဌာနဟာ  လက်လီဆိုင်တစ်ဆိုင်မှာ ထောက်လှမ်းစစ်ဆေးမှုတွေပြုလုပ်စဉ် အဲဒီ တရားမဝင် စားသောက်ကုန်တွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီစားသောက်ကုန်တွေစားသုံးလို့ ဘေးအန္တရာယ်ဖြစ်တဲ့ သတင်းအချက်အလက်တွေမရရှိသေးပေမယ့်  စားသုံးပြီး လို့ကျန်းမာရေးကိုစိတ်ပူကြသူတွေအနေနှင့်  ဆေးရုံဆေးခန်းတွေကို ဆက်သွယ်ကြဖို့လည်း တိုက်တွန်းထား ပါတယ်။