၂၃ အောက်တိုဘာ ၂၀၂၄

မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမားကိစ္စ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို  တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ လာအိုနိုင်ငံပိုင်သတင်းဌာနများက သတင်းထုတ်ပြန်ပါတယ်။

လာအိုကိုရောက်ရှိနေတဲ့ မြန်မာအလုပ်သမားဝန်ကြီး ဦးမြင့်နောင်နှင့် လာအို အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီး မစ္စ ဘေခမ်ခတ္တိယတို့ မြို့တော်ဘီယန်ကျင်းမှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ နှစ်နိုင်ငံဟာ အစီအစဉ်များကို ပိုမိုနီးကပ်စွာ ရေးဆွဲဆောင်ရွက်ကြမှာ ဖြစ်ပြီး  ယင်းသို့လုပ်ဆောင်ခြင်းနှင့်အတူ နှစ်နိုင်ငံအကြား ချစ်ကြည်စွာဆက်ဆံရေးနှင့်အိမ်နီးချင်းပူးပေါင်း ဆောင်   ရွက်မှုတို့ကို မြှင့်တင်ကြမှာဖြစ်တယ်လို့လည်း လာအိုသတင်းများမှာဖော်ပြထားပါတယ်။’

သဘောတူညီချက်များအရ နှစ်နိုင်ငံသည် သက်ဆိုင်ရာ အလုပ်သမားများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို အကောင်အထည်ဖော်ကြမှာဖြစ်ပြီး နယ်ပယ်အလိုက်ပူးပေါင်းဆောင်ရွက်ရာမှာ နားလည်မှုစာချွန်   လွှာတွေလက်မှတ်ရေးထိုးဆောင်ရွက်ကြမှာဖြစ်ပါတယ်။

နှစ်နိုင်ငံအစိုးရများက သဘောတူထားတဲ့ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်ရာမှာ ယခုသဘောတူညီချက်က ပံ့ပိုးပေးလိမ့်မယ်လို့ လာအိုအလုပ်သမားဝန်ကြီး မစ္စ ဘေလမ်ခန္တိယက ပြောပါတယ်။

စီစဉ်ထားတဲ့ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေလုပ်ဆောင်မှာဖြစ်ပြီး အဲဒီအထဲမှာ လာအိုနိုင်ငံ အထူးသဖြင့် ရွှေတြိဂံ အထူးစီးပွားရေးဇုန်မှာ တရာမးဝင်အလုပ်လုပ်နေကြသူတွေကိစ္စဖြေရှင်းဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲသလိုဆောင်ရွက်ရာမှာ နှစ်နိုင်ငံအစိုးရတွေဟာ အလုပ်သမားတွေကို မှတ်ပုံတင်ခြင်း၊အသိအမှတ်ပြုခြင်းနှင့် သူတို့ရဲ့ တရားဝင်အခွင့်အရေးများနှင့်အကျိုးစီးပွားတွေကို ကာကွယ်ပေးခြင်းတို့လုပ်ဆောင်ကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာပါအချက်အလက်များလုပ်ဆောင်နိုင်ဖို့ နှစ်ဘက်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမယ် လို့ဆိုပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ မြန်မာဝန်ကြီးဦးမြင့်နောင်ကလည်း ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခန်းကဏ္ဍကို လုပ်သားအင်အားအရင်းအနှီးအဖြစ် အသားပေးပြောဆိုသွားပြီး သူတို့ဟာ လက်ခံတဲ့နိုင်ငံနှင့် မူရင်းနိုင်ငံနှစ်နိုင်ငံ လုံးရဲ့ လူမှုစီးပွားအခြေအနေတွေကိုမြှင့်တင်ရာမှာ ပါဝင်နေသူတွေဖြစ်တယ်လို့ပြောပါတယ်။

စာချွန်လွှာအရ လာအိုနှင့်မြန်မာနှစ်နိုင်ငံတို့ဟာ အလုပ်သမားများရဲ့ ကျွမ်းကျင်မှု၊ အလုပ်ရရှိမှုအဆင့်အတန်း၊ လူမှုဖူလုံရေး၊အကာအကွယ်ပေးရေးနှင့်နည်းပညာတို့ကို တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြမယ်လို့လည်း ဦးမြင့်နောင်ကပြောပါတယ်။

နှစ်နိုင်ငံအလုပ်သမားဝန်ကြီးတွေဟာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြားနယ်ပယ်တွေအကြောင်းလည်း ဆွေးနွေး ခဲ့ကြတယ်လို့သိရှိရပါတယ်။

@ymg/knl