#LocalNews
Published - 15 Jan 2022


အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)က လေးကေကော် ဒေသရှိ နေရပ်စွန့်ခွာနေရ သော စစ်ဘေးရှောင်ပြည်သူများကို ပထမဦးဆုံးအကြိမ်အဖြစ်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်ကတည်းကစတင်ခဲ့ပြီး ဆက်လက်ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကြောင့် မိမိတို့နေအိမ်များကို စွန့်ခွာရှောင်ပြေးခဲ့ရသည့် ရာနှင့်ချီသောမိသားစုများတည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သို့ ယခုရက်သတ္တပတ်အတွင်းမှာ သွားရောက်၍ ထောက်ပံ့ပစ္စည်းများ ကိုပေးအပ်ခဲ့တာဖြစ်တယ်လို့ (ICRC)က ဆိုပါတယ်။

“ဒီခရီးစဥ်က ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဥ်ပါ။ အခုဆို မြေပြင်မှာလိုအပ်နေတဲ့ အရေးတကြီးလိုအပ်ချက်တွေကိုလည်း သိရှိခဲ့ရပါတယ်။ အထောက်အပံ့အချို့ကိုပေးဝေနေတုန်းမှာပဲ အစားအစာကအစ နေအိမ်နဲ့ သန့်ရှင်းရေးပစ္စည်းတွေအထိ ထောက်ပံ့ပေးဖို့တွေ၊ လက်ရှိအခြေအနေများကြောင့် ဒီတကြိမ်မှာသွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ ဒေသတွေ အပါအဝင်နဲ့ အခြား လိုအပ်နေချက်တွေကို ကူညီသွားဖို့လည်းလိုအပ်နေပါသေးတယ်။ ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့ မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွားရောက်ချင်ပါတယ်။"လို့ ထိုဒေသသို့သွားရောက်ခဲ့သည့် အိုင်စီအာရ်စီအဖွဲ့ကို ဦးဆောင်ခဲ့သူ Maxime Zabaloueff က ပြောပါတယ်။

ယခုပထမဆုံးခရီးစဥ်တွင် စောင်များ၊ ဖျာများ၊ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ရေစစ်အိုးများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်းထားစသည့် အရေးပေါ်ပစ္စည်းများအား မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ရွာများမှ နေရပ်စွန့်မိသားစုထံသို ပေးဝေခဲ့ပြီး အချို့ကို လိုအပ်ချိန်တွင် အမြန်ဆုံးကူညီဆောင်ရွက်ရာတွင် အရေးပေါ်အထောက်အပံ့များအဖြစ် အသုံးပြုနိုင်ရန် (ICRC)၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်ခဲ့တယ်လို့လည်း (ICRC)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo - ICRC

ymg/kg
#Yangon_Media_Group