Published 13 January 2024

ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေကြေးကို Hundi ဖြင့် ပေးပို့ခြင်းနှင့် ပြည်တွင်းတွင် ငွေကြေးကို Hundi ဖြင့်ထုတ်ပေးနေမှုများအား ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားမဝင် Hundi လုပ်ငန်းလုပ်ကိုင်သူများ လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင် ငွေလွှဲလုပ်ငန်း ဆက်လက်ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အရေးယူပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများထံသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့အကြောင်းကြား လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တရားမဝင် Hundi လုပ်ငန်းဆောင်ရွက်နေမှုများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေး ဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိရာ သံသယဖြစ်ဖွယ်ငွေလွှဲ/ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်သူ (၉၉)ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ်(၂၀)ဦးကို အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ တရားမဝင်ငွေလွှဲ/ ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးအား သက်ဆိုင်ရာဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့တရားစွဲဆို တင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အမှုဖွင့်အရေးယူထားခြင်းခံရသူများတွင် တရားဝင်လုပ်ငန်းလိုင်စင်ရယူထားခြင်းမရှိဘဲ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများရှိ မြန်မာအလုပ်သမားလစာငွေများအား တရားမဝင်လွှဲပြောင်းထုတ်ပေးသူ (၉) ဦး၊ ကုန်ပစ္စည်း ဝယ်ယူခြင်းများအတွက် တရားမဝင်ငွေလွှဲပြောင်းပေးချေပေးသူ (၃) ဦးနှင့် နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ပြီး ပြည်တွင်း၌ ငွေလွှဲ ပြောင်းထုတ်ပေးသူ (၈) ဦးတို့ပါဝင်ပြီး ယင်းတို့အား သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထောင်ဒဏ်နှင့် ငွေဒဏ်များ အမိန့်ချမှတ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News