Published_ 27 March 2024

အိန္ဒိယနိုင်ငံ၏ Holi နေ့ထူးနေ့မြတ်အခါသမယတွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် Holi ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့‌ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကျရောက်သည့်Holi နေ့ထူးနေ့မြတ်အခါသမယတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်၍ Indo-Myanmar Friendship Association သည် မြန်မာ-အိန္ဒိယ အသိုက်အဝန်းအတွင်း ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် ချစ်ကြည်မှု၊ နားလည်မှုများ တိုးပွားခိုင်မာစေရန် ရည်ရွယ်၍ Holi ပွဲတော်အားကျင်းပခဲ့သည်ဟုဆို သည်။

အဆိုပါပွဲတော်သို့ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးမှ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်တန်းသားများ၊ နယူးဒေလီမြို့အခြေစိုက် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံသံအမတ်ကြီး၊ နီပေါနိုင်ငံသံအမတ်ကြီး၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၊ ကာဇက်စတန်နိုင်ငံသံအမတ်ကြီး၊ ကင်ညာနိုင်ငံသံအမတ်ကြီးနှင့်၊ အာဆီယံနိုင်ငံ များ၊  မိတ်ဖက်နိုင်ငံများမှ သံတမန်များနှင့် သံတမန်မိသားစုဝင်များ၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဂျိန်းဘာသာဝင် ဘာသာရေးခေါင်းဆောင်များ၊ အိန္ဒိယမိတ်ဆွေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ Indo-Myanmar Friendship Association အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာသံရုံးဝန်ထမ်းများနှင့် မြန်မာသင်တန်းသားများက မြန်မာအကအလှများဖြင့်လည်းကောင်း၊ အိန္ဒိယအကအဖွဲ့က အိန္ဒိယရိုးရာအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေ၍ မြန်မာနှင့် အိန္ဒိယအစားသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက အိန္ဒိယရိုးရာ ရောင်စုံအမှုန့်များ ပက်ဖြန်း၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ရန်ကုန်မြို့တွင်လည်း Indian Association Myanmar ၏ကြီးမှူးစီစဉ်မှုဖြင့် Colour Festival Holi 2024 ပွဲတော်ကို  မတ်လ(၂၄)ရက်တွင်အင်းလျားလိတ်‌ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group