Published_ 29 May 2024

အခြေခံပညာစနစ်သစ် Grade - 9 အောင်မြင်ပြီးသူများ အနေဖြင့် သမဝါယမစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ တက်ရောက်နိုင် မည်ဖြစ်ကြောင်းသိရသည်။

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှာ  မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် တို့တွင်   (၃) နှစ်တာသင်တန်းများအဖြစ် တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းများ၌ အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက်သင်ကြားပေးမည့်သင်တန်းအား  လာမည့် ဇွန်လ (၁၇) ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting (စီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ်ကို ရရှိမည့်အပြင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီပါက သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်းသိရသည်။

သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး Grade-10, Grade-11, Grade-12 တို့၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒတို့ကို သင်ကြားပေးမည့်အပြင် ကျောင်း၏ အဓိကဘာသာရပ်များဖြစ်သော ကွန်ပျူတာ၊ ICT ဘာသာရပ်များ၊ Cost Accounting၊ Financial Accounting၊ Computerized Accounting နှင့် သမဝါယမစာရင်းကိုင်စာရင်းစစ် ဘာသာရပ်များကို လေ့လာရမည်ဖြစ်သည့် အပြင် လက်တွေ့လုပ်ငန်းခွင်များတွင် သွားရောက်လေ့လာလုပ်ကိုင်ရမည့် လက်တွေ့သင်ခန်းစာများလည်း ပါဝင် ကြောင်းသိရသည်။

သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting အောင်လက်မှတ်ကို ရရှိမည်ဖြစ်ပြီး ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သူများသည် သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) တို့တွင် ဆက်လက်ပညာသင်ကြားနိုင်ပြီး  ရိုးရိုးအဆင့်ဖြင့်အောင်မြင်သူများသည် ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group