#Local_News
Published_ 13 June 2023

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊၆၃လမ်း၊၁၄လမ်းနှင့်၁၅လမ်းကြားရှိ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကွန်းခိုရာ Foundation က လှူဒါန်းတည်ဆောက်ထားသော ကျောင်းဆောင်သစ်ကို ယနေ့ ဇွန်လ ၁၃ ရက်တွင်ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်း Haven Foundationက လှူဒါန်းသော ကျောင်းဆောင်သစ်ကို အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အောက်တိုဘာလက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးမှာ အလျား (၁၃၂) ပေ အနံ(၃၆) ပေသံဖရိန် (၂)ထပ် အဆောက်အဦးဖြစ်ကြောင်း၊ပန်းအလှပြင်ခုံ ပန်းများနှင့် အလှဆင်ခြင်း ၊ ကျောင်း၏ ရုံးလုပ်ငန်းများ အသုံးပြုရန် ကွန်ပျူတာနှင့် ကွန်းခိုရာ ခန်းမအတွင်း အသုံးပြုရန် အသံချဲ့စက်နှင့် Sound Box ဆက်စပ်ပစ္စည့်းများ အပါအဝင် တန်ဖိုး စုစုပေါင်း သိန်း သုံးထောင်ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

"နှစ်စဉ် ကျင်းပတဲ့ မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားမှာ ဆရာကြီးဆရာမကြီးတွေကိုဂါရဝပြုဖို့တက်ရောက်လာရင်း နဂိုရှိပြီးသားခန်းမ က အနည်းငယ်ကျဉ်းမြောင်းတာကြောင့် ပိုပြီးကျယ်ဝန်းတဲ့ခန်းမသစ်နဲ့ ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းဖို့ စေတနာ သဒ္ဒါတရားများဖြစ်ပေါ်ခဲ့တာကြောင့် စေတနာရှင် “ကွန်းခိုရာ” ဖောင်ဒေးရှင်း (Haven Foundation) အသင်းသူအသင်းသားတွေဟာ Covid ကာလ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ စုပေါင်းလှူဒါန်း ကြတယ်လို့ သိရတာကြောင့် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ကြီးချုပ် ဦးမျိုးအောင် က ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ymg/BM
#YMG #Yangon_Media_Group