14 January 2024
ပျူနှင့်ပုဂံကိုကမ္ဘာ့အမွေအနှစ်ဖြစ်အောင်ဆောင် ရွက်‌ပေးခဲ့သည့် နိုင်ငံခြားသားပညာရှင်၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Elizabeth Moore ကွယ်လွန်သွားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။

ဆရာမကြီး Dr. Elizabeth Mooreကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းဌာနမှ ထုတ်ပြန်ထားပြီးကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စံတော်ချိန် ညနေ (၅:၂၀)နာရီတွင် University College London Hospital ဆေးရုံတွင် (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။

ဆရာမကြီးDr. Elizabeth Mooreသည် ၁၉၈၉- ၁၉၉၀ မှစ၍ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ဆရာမကြီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း၊ Early Landscape of Myanmar ၊ Pyu Landscape ၊ Wider Bagan စသည့် စာအုပ်များအပါအဝင် စာအုပ်နှင့်စာတမ်းပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်ပါသည်။

၂၀၁၄ ခုနှစ်တွင် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်း လုပ်ငန်း အတွက်  Nomination Dossier ကိုရေးသားရာတွင် အဓိကပါဝင် ရေးသားခဲ့ပါသည်။ 

အလားတူ ၂၀၁၆ -၂၀၁၈ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် Nomination Dossier  ကိုလည်း ပါဝင်ရေးသားပေးခဲ့သူဖြစ်ပါသည်။

 ဆရာမကြီးသည် ၁၉၉၉ ခုနှစ်တွင် ရှေးဟောင်း သုတေသနဌာန၌ ပြင်ပပညာရှင် တံပဝတီ ဦးဝင်းမောင်နှင့် တွဲဖက်၍ မြန်မာနိုင်ငံ အတိတ်သမိုင်းတွင် ထွန်းကားခဲ့သော ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု သုတေသနလုပ်ငန်းများကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဆရာမကြီး အဓိကတာဝန်ထမ်းဆောင်သည့် SOAS University of London တွင် ရှေးဟောင်း သုတေသနနှင့် သမိုင်းဘာသာရပ် ကိုလေ့လာဆည်းပူးနေသော မျိုးဆက်သစ် မြန်မာ လူငယ်များကို ပညာသင်ကြားနိုင်ရေးအတွက်လည်း များစွာကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါသည်။

SOAS University of London  မှ ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူကျောင်းသားများကို လက်တွေ့ သုတေသနစာတမ်းများနှင့် စာတမ်းဖတ်ပွဲများကျင်းပပြုလုပ်ပြီး ပညာရပ်ဆိုင်ရာများ ကွင်းဆက် မပြတ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ 

ထို့သို့သော ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားသည့်အတွက် ဌာနမှများစွာ ယူကျုံးမရဖြစ်ရသလို မျိုးဆက်သစ် လူငယ်များအတွက်လည်း များစွာဆုံးရှုံးနစ်နာရပါသည်။ ဆရာမကြီး ကောင်းရာ ဘုံဘဝ ရောက်ပါစေကြောင်း ဌာနမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကောင်းရာဘုံဘဝ ရောက်ပါစေ"ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှထုတ်ပြန်ထား‌ကြောင်းသိရသည်။

ဆရာမကြီးသည် မြန်မာပြည်သာမက ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများရှိ ယဉ်ကျေးမှု ဒေသများသို့ ၎င်းကိုယ်တိုင်သွားရောက်၍ သော်လည်းကောင်း၊ ဒေသခံ နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်း၍ လည်းကောင်း သုတေသနစာတမ်း၊ စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။
Yangon_Times/tthl
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times