#Local_News
Published-2 October 2023

မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာကျော်စိုးဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီး Dr. Nguyen Lan Hieu တို့ ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါလူနာ (၃၄) ဦးကို Device Closure နည်းလမ်းဖြင့် ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် စက်တင်ဘာ (၂၃) ရက်မှ (၂၄) ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှလုံးရောဂါလူနာများအား ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံသွေးကြောမှတစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့် ပိတ်ခြင်းနည်းလမ်း (Device closure) ဖြင့် မွေးရာပါ နှလုံးရောဂါလူနာများအနက် (၃၄) ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

 

နှစ်ရက်တာ ကာလအတွင်း နှလုံးအပေါ် ခန်းတွင် အပေါက်ပါသောလူနာ (၂၁)ဦး၊ နှလုံးအောက်ခန်းတွင် အပေါက်ပါသော လူနာ (၂) ဦး၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်း လူနာ (၄)ဦး နှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ်သွေးကြောမကြီးဆက်နေသော လူနာ (PDA) (၇)ဦး တို့ကို ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ဗီယက်နမ်-မြန်မာ အဖွဲ့များ ပူးပေါင်း၍ Congenital Heart Disease Device Closure အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ နှလုံးအပေါ်ခန်းတွင် အပေါက်ပါခြင်း (Atrial Septal Defect-ASD)၊ နှလုံးအောက်ခန်းတွင် အပေါက်ပါခြင်း (Ventricular Septal Defect-VSD)၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းခြင်း (Pulmonary Stenosis) စသည့် မွေးရာပါ နှလုံးရောဂါလူနာ ရှာဖွေခြင်းကို လက်တွေ့ နှလုံးတီဗွီဓာတ်မှန် (Echocardiogram) ကြည့်ရှုစစ်ဆေးပြီး နှလုံးခွဲစိတ်ကုသခြင်း သို့မဟုတ် Device closure နည်းလမ်းဖြင့် ကုသခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း လည်းသိရသည်။

 

#Local_News #ဗီယက်နမ်-မြန်မာ #နှလုံးအထူးကုအဖွဲ့ #Device Closure
#Yangon_Times/PP