#Local_News
Published 15 January 2025

▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ကမ္ဘာအေးကုန်းမြေတွင်  တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာယခုနှစ်တွင်  ဖေဖော်ဝါရီလ ၄ ရက် (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၇ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။  ယင်းပွဲတော်တွင် ဖေဖော်ဝါရီလ ၄ ရက် (တပို့တွဲလဆန်း ၇ ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် (တပို့တွဲလဆန်း ၈ ရက်နှင့် ၉ ရက်) မနက် ၇ နာရီတွင်မူ ထမနဲထိုးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင်ဖေဖော်ဝါရီလ ၉ ရက်၊ မနက်ပိုင်း၌  မြတ်စွာဘုရားကို ရည်မှန်းပြီး ဆွမ်းတော်ကြီးကပ်လှူပူဇော် ခြင်း၊ မနက် ၈ နာရီ၌  စေတီတော်အတွင်းတွင်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် ဆရာတော်ကြီးများ ဦးဆောင်သော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်းများ ကျင်းပမှာဖြစ်ကြောင်း သိရသည်။

▪️ ထို့နောက် မနက် ၉ နာရီတွင်  မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် ၄၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times