#Local_News
Published 4 January 2025
▪️ ဂျပန်ပညာရေးပြပွဲကို ရန်ကုန်မြို့၌ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အမှတ် (၅၂၇) M-Tower ၁၈ လွှာမည် ကျင်းပသွားမည်ဖြစ်သည်။
▪️ ယင်းပြပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ/ဆရာမများက လာရောက်ရှင်းလင်းပြောကြားကြမည်ဖြစ် ကြောင်း သိရသည်။
▪️ ဂျပန်-မြန်မာ စကားပြန်များကိုလည်း စီစဉ်ပေးထားပြီး လွတ်လပ်စွာ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မည့် အပြင် ပါဝင်ပြသကြမည့် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲ၌ ဂျပန်ပညာတော်သင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အလမ်းများ၊ တက္ကသိုလ် တက်ရောက်နိုင်မည့် အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားသွားမည် ဖြစ်သည်။
▪️ ၎င်းအပြင် ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် ကျောင်းသား/ကျောင်းသူများအတွက် MAJA နှင့် OJEIC အဖွဲ့အစည်းမှ နှစ်စဉ်ပေးအပ်လေ့ရှိသည့် Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်း ပြပွဲတွင် ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်သည်။
▪️ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ တွင်ပါဝင်မည့်အဖွဲ့အစည်းများနှင့် ကျောင်းများမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Kyoto University of Advanced Science၊ Chinzei Gakuin University၊ Yu Language Academy၊ Okayama University Japan Education Information Center(OJEIC)၊ Myanmar Association of Japan Alumni(MAJA) တို့ဖြစ်ပြီး ပြပွဲသို့ ကျောင်းသားမိဘများနှင့် ဂျပန်စာသင်တန်းကျောင်းများမှ ဆရာ/ဆရာမများလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/NN #Yangon_Times