#Local_News
Published 21 April  2025

▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပွဲတော်ချိန်အမီ အပြီးသတ်နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

▪️ အဆိုပါ ဖောင်တော်ဦးဘုရားမှာ ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့်အတွက်ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

▪️ ယခုအခါ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် စံကျောင်းတော်ပင်မဆောင် ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ်ဖောင်တော်ဦး ဘုရားပွဲတော်ကာလအမီပြီးစီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများဖြင့် အရှိန်အဟုန်မြှင့်ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။

▪️ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေများထည့်ဝင်လှူဒါန်းကု သိုလ်ပါဝင်ကြရာ ယခုရက်ပိုင်းအထိ စုစုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်သိန်းပေါင်းတစ်ထောင်ကျော်  ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times