#Local_News
Published 17 February 2025

▪️ မွေးမြူရေးတိရစ္ဆာန်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

▪️ ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ နွေဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ တစ်ခါတစ်ရံ ရေကြီးရေလျှံခြင်းများနှင့် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် လေပြင်းတိုက်ခတ်မှုအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်နှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် အသိပေးထားခြင်းဖြစ်သည်။

▪️ ထိုသို့ ဆောင်ရွက်ရာတွင်  ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသသတိပေးချက်များကို ဂရုပြုနားထောင်၊ ဖတ်ရှု၊ စောင့်ကြည့်ရန်၊ တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော်အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စုဆောင်းထားရန်၊ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များကို ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်စီမံထားရန် လိုအပ်ကြောင်း သိရသည်။

▪️ ထို့အပြင် ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန်ပြောင်းရွှေ့နေရာ ချထားရန်အတွက် ကြိုတင်စီမံထားရန်၊

▪️ ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်၊

▪️ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် တစ်ပိုင်တစ်နိုင် ကနဦးမီးငြှိမ်းသတ်နိုင်သော မီးသတ်ဆေးဘူးများအား အလွယ်တကူရယူနိုင်သော နေရာတွင်ထားရှိပြီး အဆင်သင့်အနေအထားဖြစ်နေရန်နှင့် မီးတားလမ်းများ ပြုလုပ်ထားရှိရန် အသိပေးထားကြောင်း သိရသည်။

▪️ ထို့အတူ သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေးကင်းလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံထားရန်၊ တိရစ္ဆာန်များ ကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများရရှိပါက ဆေးကုသမှု အမြန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်၊တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။

#YMG/NN #Yangon_Times