#Local_News
Published 14 March 2025
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကို ယမန်နေ့က စေတီတော်ရင်ပြင်သတ်မှတ်နေရာများ၌ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့မှ သိရသည်။
▪️ အဆိုပါပွဲတော်အား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ကာ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင်လှူ ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်မုခ်ရှိအောင်မြေ၌ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် ရုံးဝန်ထမ်းများက ဆွမ်းတော်တင်လှူဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ ထို့နောက် ရွှေတိဂုံစေတီတော်(၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကိုရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
▪️ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ၊တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကစွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရ ထံမှ ဧည့် ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယ မင်္ဂလာအနုမောဒနာ အား လျှောက်ထား ကြောင်းသိရသည်။
▪️ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များ က လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
#YMG/NN #Yangon_Times