#Local_News
Published_29 March 2025
▪️ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရ သည့် မန္တလေး တိုင်းဒေသကြီးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ မတ်လ ၂၉ ရက် နံနက် အစော ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းသို့ရောက်ရှိချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး ခဲ့ရမှုများကို တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေး သွား ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု အခြေ အနေများကို ဆက်လက် လိုက်လံကြည့်ရှုစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ် ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်ကြောင်းနှင့် အသေး စိတ် စာရင်းကို ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
▪️ ယမန်နေ့ မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင် ငယ် များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည် နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ် ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP