#Local_News
Published 11 September 2024


▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်း ရေကြီး ၊မှုကြောင့် ချစ်ကြည်ရေးတံတား(၁)  ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

 

▪️ ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်)က ရေကြီးမှုများကြောင့် တာချီလိတ်ဘက်မှ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှ ဖြတ်သန်းခွင့် ယာယီပိတ်ထားခြင်းဖြစ်ပြီး တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့သွားမည့် ကားနှင့်ဆိုင်ကယ်များကို တံတားပေါ်မှ ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

 

▪️ "မယ်ဆိုင်ချောင်းရေကတော်တော်ကို ရေစီးသန်‌နေတာ ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်တောင် ရေကျော်နေတယ် ၊  ရေကြီးရေလျှံနေလို့ တံတားကို ယာယီ ပိတ်လိုက်တာပါ၊ တံတားပေါ်က ရေပြန်ကျသွားရင်တော့ ပုံမှန်အတိုင်း သွားလို့ရပါမယ်၊ နှစ်(၃၀)ကျော် (၄၀)အတွင်း ရေတခါမှ မကြီးဘူးတဲ့ နေရာတွေ အကုန်ရေအပြည့်ဝင်နေတယ်"ဟုဒေသခံတစ်ဦးက ပြောသည်။

 

▪️ လတ်တလောတွင် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်မီးပါဖြတ်တောက်ထားပြီး ရေကြီးမှုဖြစ်ပေါ်နေသည့်နေရာများ၌  ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။

 

▪️ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်ပြီး ချစ်ကြည်ရေးအမှတ် (၁) တံတားနှင့် ချစ်ကြည်ရေးအမှတ် (၂)တံတားများဖြင့် မယ်ဆိုင်မြို့နှင့်ဆက်သွယ်ထားခြင်းဖြစ်သည်။

 

▪️ လက်ရှိ ယာယီပိတ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားမှ လူများအဓိကဖြတ်သန်းလေ့ရှိပြီး ချစ်ကြည်ရေးအမှတ် (၂)တံတားမှမူ ကုန်များဖြတ်သန်းလေ့ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times