#Local_News
Published 9 May 2025

▪️ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကြက်ကိုအစိမ်းစားပြနေသည့် ဗီဒီဖိုင်မှနတ်ကတော်ကို ကန့်ကွက်ရှုံ့ချပြီး ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)၏ ထုတ်ပြန်ထားချက်အရ သိရသည်။

▪️ အဆိုပါ ဖြစ်ရပ်မှာ ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေကန်ကြီးပသပူဇော်ပွဲ၌ ဖြစ်ပြီး နတ်ကတော်ဖြစ်သူ အောင်ကိုမင်း ဆိုသူက ကြက်ကိုအစိမ်းစားပြခဲ့ခြင်း ဖြစ်သည်။

▪️ ထိုပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိ ပြီး  ကြက်ကိုအစိမ်းစားပြသည့် ဗီဒီယိုဖိုင်ကိုလည်း Kyaw Soe Moe အမည်ရှိသော ဖေ့ဘွတ်အကောင့်ပိုင်ရှင်မှ ဖော်ပြခဲ့ပြီး ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် မျှဝေဖြန့်ချိသူ အများအပြားလည်းရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှဗုဒ္ဓတရားတော်နှင့် မလျော်ညီသော ယစ်ပူဇော်ခြင်း အသွင်ဆောင်သည့် သတ္တဝါအရှင်လတ်လတ်အား သွေးစိမ်းရှင်ရှင် ကိုက်ဖြတ်စားသောက်ပြသည့်ဖြစ်ရပ်မှာ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ကြောင်း၊ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဒေဝတာ နတ်မင်း အပေါင်းတို့၏ရှေ့၌ ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို  ပူဇော်ပသ ရိုသေကြသည့် (၇)ရက်သားသမီးများမှလည်း အထင်အမြင်လွဲမှားစေသည့် စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းလည်း  ထုတ်ပြန်ထားသည်။

▪️ ထို့အပြင် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားသူများလည်းရှိနေပြီး ပူဇော်ကပြခဲ့သည့် ဒေဝါပညာရှင်ဖြစ်သူ ဖျာပုံမြို့မှ အောင်ကိုမင်း ဆိုသူကို ကော်မတီ၏လုပ်ထုံးလုပ်နည်းများအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times