#Local_News
Published 11 March 2025

▪️ ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဧပြီလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

▪️ သံမဏိ ဆိုင်းကြိုးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ  ဧပြီလတွင် ဒလဘက် အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်‌ကြောင်း သိရသည်။

▪️ ထို့ကြောင့်သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်းဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း တံတားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက်ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀.၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ရှိချက်များအရ ၄၃.၁၃ မီတာရှိသောကြောင့် ဧပြီလမှစတင်ပြီး တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်ကြောင်း၊  လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်‌ကြောင်း ကို ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားချက်အရ သိရသည်။

▪️ ကိုရီးယား- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် ခေတ်မီလှပသော ဒီဇိုင်းဖြင့် ပုံစံထုတ် တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ် အမြင့်အများဆုံး ကြိုးဆိုင်းတံတား တစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက် မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက်တစ်ချက်တွင်တပ်ဆင်ထားသည့်အပြင် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခ ကောက်ခံရေး စခန်း (Toll Plaza)နှင့်တန်ပိုယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။

#YMG/SW #Yangon_Times