#Local_News
Published 7 March 2025
▪️ နိုင်ငံတော်သို့ အသုံးစရိတ်များတင်ပြတောင်းခံရာတွင်စနစ်တကျစိစစ်ပြီးမှသာ တင်ပြကြရန်လိုကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ ၅ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
▪️ ဝန်ကြီးဌာနများအနေဖြင့် အသုံးစရိတ်များ တင်ပြတောင်းခံရာတွင် စနစ်တကျစိစစ်ပြီးမှသာ တင်ပြကြ စေလိုပြီး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ရရှိနိုင်သည့်ဘဏ္ဍာငွေကို အပြည့်အဝရရှိရေး ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုအပိုင်းတွင်လည်း အလေအလွင့်မရှိအောင် စိစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများအပေါ် သုံးသပ်ကြည့်ပါက နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်၍ ဝင်ငွေရှာဖွေပေးရသည့် သက်ဆိုင်ရာဝန်ကြီးဌာနအချို့နှင့် အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်လျာထားသည့် ရငွေပိုင်းပြည့်မီခြင်းမရှိသည်များကို တွေ့ရှိရသကဲ့သို့ သုံးစွဲသည့် အသုံးစရိတ်ပိုင်းတွင်လည်း မလိုအပ်ဘဲ လိုရမယ်ရ တင်ပြတောင်းခံထားခြင်းများ၊ အချို့စီမံကိန်းပြီး နိုင်သည်ဟု ယူဆပြီး တောင်းခံသည်များရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
▪️ ထို့အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန်ဆုံးချိန်နီးမှသာ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း၊ တချို့လုပ်ငန်းများ မစတင်နိုင်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ပိုလျှံငွေများ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံတော်၏ အထွေထွေပိုလျှံငွေများစွာ ဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times