#Local_News
Published_17 Feb 2025


▪️ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင်ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကိုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖြင့်နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

▪️ ယင်းကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၃၀ ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

▪️ အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများထဲမှ တရုတ်နိုင်ငံသား Mr. Qian Le Ping က “မိုင်းလား မြို့မှာ အလုပ်ကောင်းကောင်းရမယ်။

▪️ လစာများများ ရမယ်ဆိုတဲ့ အလုပ် ခေါ်စာတွေ့လို့ ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံက တစ်ဆင့် မိုင်းလားမြို့ကိုတရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါ တယ်။

▪️ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး Xiao Mu ရဲ့ Yong Le Gong အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ် အလုပ် လုပ်ခဲ့ပါတယ်။

▪️ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်းနေ့လယ် ၁၂ နာရီကနေ ည ၁၂ နာရီအထိလုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ ၃ လစာပဲ ရရှိပြီး ကျန်လတွေမှာ လစာမရခဲ့ပါဘူး”ဟု ဆိုသည်။

▪️ ထို့အပြင် ထိုင်းနိုင်ငံသား Mr. Phimsanduk က “ကျွန်တော်က (Eletronic) အထူးပြု ဘာသာရပ်နဲ့ ကျောင်း ပြီးပါပြီ။ ကျောင်းပြီးတော့ ဇာတိမြို့ဖြစ်တဲ့ Lam Phun မြို့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ် လုပ်နေရင်း ရွှေ ကုက္ကိုလ်မှာ လစာကောင်းတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ အဆက်အသွယ်ရ ခဲ့ပါတယ်။ အွန်လိုင်း ကနေ လူရှာပေးရတဲ့ အလုပ်လုပ်ရမယ်။ လစာ တစ်လ ဘတ် ၃၀၀၀၀ ရမယ်လို့ Facebook ပေါ်မှာတွေ့တဲ့ အမျိုး သမီးတစ်ဦးက ဆက်သွယ်ပြောဆိုလာခဲ့တဲ့ အတွက် အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံ Lam Phun မြို့ကနေ ခရီး သည်တင်ယာဉ်နဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ထွက်လာခဲ့ပါတယ်။ မဲဆောက်မြို့ကို ရောက်တဲ့အခါမှာ ထိုင်းလူမျိုး အမျိုးသားတစ်ဦးက ကားနဲ့လာခေါ်ပြီး သောင်ရင်းမြစ်ကမ်းစပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး တစ်ဖက် ကမ်းကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အမျိုးသားတစ်ဦးက ကားနဲ့လာခေါ် ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ Hong Chu ကုမ္ပဏီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ အွန်လိုင်းဂိမ်း အလုပ်ကို လုပ်ကိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူနေတုန်းဖြစ်ပါတယ်။ သင်ယူနေတုန်း ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်”ဟု ပြောကြားကြကြောင်း သိရသည်။

#Yangon_Times/PP