#Local_News
Published 14 November 2024

▪️ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ စမုံ-သပြေတောင်းဘူတာအကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်သောကြောင့် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီနှစ်ရက် ပိတ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီ သံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သည့်အတွက်  နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ နေ့ရက်များတွင် သာစည်-မန္တလေး ပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ် (၂) အစုန် စာပို့ရထားများကို ယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး- ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများကို ရန်ကုန် - သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲမည်ဖြစ်‌ကြောင်း သိရသည်။

 

▪️ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်းနှင့်တံတားများ ထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စမုံနှင့်သပြေတောင်းကြား အဆန်လမ်းတံတား အမှတ် (၆၉၁) (စမုံတံတား) ကို အသေးစိတ်ပြုပြင်မှုများပြုလုပ်ပြီး နိုဝင်ဘာ ၂၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသောရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့်မန္တလေး ခရီးဆုံးဘူတာများအထိ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times