#Local_News
Published 17 September 2024

▪️ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်အချို့တွင်‌ ဖြစ်ပွားခဲ့သည့် ရေကြီး၊‌ ရေလျှံမှုများ အတွက် အာဆီယံမှပေးပို့မည့် လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄)မှ သိရသည်။

 

▪️ အဆိုပါ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

▪️ ထိုသို့ပြောကြားရာတွင် နိုင်ငံတကာအကူအညီအနေဖြင့်  ယခုလည်း အာဆီယံ မှ ပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက်ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက် အလက်ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ အရှိန်ကြောင့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအပ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

▪️ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများက သက်ဆိုင်ရာအဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့်နေရာများအား ခက်ခက်ခဲခဲဖြင့် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၅ ရက်နေ့တင်ပြမှုအရ တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုရှိ မြို့နယ် ၆၉ မြို့နယ်တွင် သေဆုံးမှုအနေဖြင့် နေပြည်တော်တွင် ၄၇ ဦး၊ ကရင်ပြည်နယ်တွင် ငါးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်တွင် ၄၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိနေကြောင်း သိရသည်။

 

▪️ ထို့အပြင်  ပျက်စီးမှု၊ သေဆုံးပျောက်ဆုံးမှုများကို အတည်ပြုထုတ်ပြန်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

▪️ ရေကြီး၊ရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အနေဖြင့် စက်တင်ဘာ ၁၅ ရက် စာရင်း ဇယားများအရ နိုင်ငံအဝန်း၌ မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊ ရုံးဌာန အဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၁၇၂ ဦး၊ မျောပါပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်ရှိကြောင်း ကနဦးသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times