#Local_News
Published 14 November 2024

▪️ မြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့် လှိုင်မြစ်ကူးရွှေပြည်သာ တံတားရေလမ်းပြောင်းလဲမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

▪️ ရွှေပြည်သာတံတားရေလမ်းတွင် ယခင်က ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါတံတားမြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ယနေ့ နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ပြောင်းလဲမည့် ရေလမ်း၏ကင်းလွတ်အကျယ်သည် ၃၄၅ ပေနှင့် ကင်းလွတ်အမြင့်သည် အမြင့်ဆုံး ရေမျက်နှာပြင် အထက် ၃၆ ပေရှိ‌ ကြောင်း၊ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်ရေလမ်းတွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား ပြသထားမည်ဖြစ်ပြီး ညအခါ မီးစိမ်းထွန်းပြသထားမည်ဖြစ်သည်။

 

▪️ ထို့အတူ မဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင်ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်သည်။

 

▪️ အဆိုပါ ရွှေပြည်သာတံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံများသည် ရေလယ်တိုင်များ၏တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်၊ တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်နှင့် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် အသိပေးထားကြောင်း  သိရသည်။

 

#YMG/NN #Yangon_Times