#Local_News
Published_25 Oct 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှကျပ်သိန်း ၂၅,၄၀၂ ကျော်တန်ဖိုးရှိ ရွှေ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့်ငွေ သိန်း၅ဝကို TN ပြခြိမ်းခြောက်ရိုက်နှက်လုယက်သူ အမျိုးသားသုံးဦးကို သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် ၊ ည ၆ နာရီ ၂၀ မိနစ်တွင် အဆိုပါရွှေဆိုင်မှ ရွှေထည် ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅၀ တို့ကိုသံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်စဉ်လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက်မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦး ရောက်ရှိလာပြီး --နတ်တစ်ချက် ပစ်ကာယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံး မှန်ကိုတူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ(၃)လုံး လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
▪️ ယင်းကြောင့် ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၉၃/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာအောက်တိုဘာလ ၂၃ ရက်မွန်းလွဲ ၃ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင် စမ်းချောင်း မြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ်(၄၁)၊ (၄)လွှာ၊ အခန်း(4A)နေ မသက်ထားခိုင်(ခ) ရည်မွန်အေး(၃၇) နှစ်ကို မသင်္ကာစစ်ဆေးစဉ်၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းတွင် လုယက်မှုမှပါဆုံးသွားသော ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံးနှင့် ငွေ ၁၀ သိန်းကျပ် တို့ကို တွေ့ရှိပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်ကရောင်းချခိုင်းလိုက်ကြောင်း သိရာမှ စတင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ကျူးလွန်သူ ထက်အောင်ခိုင်(၃၆)နှစ် ကိုဆက်လက် ဖမ်းဆီးရမိရာ ၎င်းထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ခြောက်လုံးပြူး (၁)လက်၊ S&WL ကျည်(၉)တောင့်၊ ၎င်းကျည်ခွံ(၁)ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လု ယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့ကို ဆက်လက်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် ကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေး ရွာနေ တရားခံ ကျော်ကြီး(ခ)ကျော်ဇင်ဟိန်း(၂၂)နှစ် နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၈) ရပ်ကွက်နေ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး (၃၅)နှစ် တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ဖမ်းဆီးရမိသူများ ထွက်ဆိုချက်များအရ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ)ကျော်ကြီးနှင့် ဖမ်းဆီးရန်ကျန်နေသောဝေကြီးတို့(၃)ဦးသည် KNU တပ်မဟာ(၇) ဝေ့ရှမ်း ကျေးရွာတွင် ဖွင့်လှစ်သော PDF အကြမ်းဖက်သင် တန်းအပတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းများ ဖြစ်ကြပြီး အဆိုပါ သင်တန်းတက်ရောက်နေစဉ် ထက်အောင်ခိုင်သည် သင်တန်း၌ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ)ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များကို ငွေကျပ် (၂၁)သိန်းဖြင့် ဝယ်ယူခဲ့ပြီး “မြရွှေယုံ”ရွှေဆိုင်သို့ (၃/၄)ကြိမ်ခန့် လေ့လာကာ ဆိုင်ဖွင့်ချိန်နှင့် ဆိုင်သိမ်းချိန်များတွင် ယာဉ်မောင်းတစ်ဦးတည်း ဆိုင်မှရွှေထည်ပစ္စည်းများကို သယ်ယူ ပို့ဆောင်လေ့ ရှိကြောင်း သိရှိရသဖြင့် လုယက်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လုယက်မှုကျူးလွန်စဉ်ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်ကိုမောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့်ယာဉ်နောက်မှကပ်လျက်ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေ နတ်ဖြင့် ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ဝေကြီး(ဖမ်းဆီးရန်ကျန်)မှ ကားတံခါးကိုတူဖြင့်ထုခြင်း၊တရားခံထက်အောင်ခိုင် က ခြံ၏အရပ်သား လုံခြုံရေးဝန်ထမ်း ဖြစ်သူကိုသေနတ်ဖြင့်ပစ် ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးထိမှန်ခဲ့ကြောင်း၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့ (၂)ဦးက မော်တော်ယာဉ်၏ နောက်ဖုံးတံခါးကို ဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ(၃)လုံးကို၎င်းတို့စီးနင်းလာသည့် ကားပေါ်သို့တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
▪️ လက်ရှိတွင် ယင်းဖမ်းမိသူ ၃ ဦးကို ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသောဝေကြီးကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP