#Local_News

Published 19 February 2025

▪️ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများအ‌နေဖြင့် ဖေဖော်ဝါရီလ ၁၈ရက်ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြဋ္ဌာန်းလိုက်သည့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင်ပါကထောင်ဒဏ်တစ်နှစ်မှသုံးနှစ်ထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်‌ကြောင်း၊ ထို့ကြောင့်ယခုဥပဒေမပြဋ္ဌာန်းမီက ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက် ပိုသည့် ပုဂ္ဂလိကလုံ ခြုံရေးဝန်ထမ်းခန့်ထားသူများအနေဖြင့်လည်း ဥပဒေပြဋ္ဌာန်းသည့် နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လျှောက်ထားသူသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်း နှင့်ပြည်နယ်များရှိ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီကို ဖော်ပြထားသည့် အချက်အလက်များကို ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုင်စင်ရရှိသူ‌များအ‌နေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာတွင်လိုအပ်ချက်အရ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်း ကိုင်ဆောင်ခွင့်နှင့်ပတ်သက်ပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။

#YMG/SW #Yangon_Times