#Local_News
Published_1 March 2025
▪️ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုကို နေ့ရောညပါ အရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်းရန် စီစဉ်နေကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရသည်။
▪️ ၃ နှစ်အတွင်း တရားမဝင်ကုန်သွယ်မှု ခန့်မှန်းတန်ဖိုးကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သော်လည်းအိမ်နီး ချင်း ကုန်သွယ်ဖက်နိုင်ငံများနှင့်ကုန်သွယ်မှု ကွာခြားချက်စာရင်းအရ လျော့နည်းနေသေးကြောင်း အဆိုပါ ကော်မတီ၏ စာရင်းများအရ သိရသည်။
▪️ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထိ (၃) နှစ်နှင့် (၁) လတာကာလအတွင်း တရားမဝင်ကုန် သွယ်မှု အမှုတွဲ ၁၉၀၀၀ ကျော်၊ ခန့်မှန်းတန်ဖိုးကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သော်လည်းအိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှု ကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီးရမိမှုပမာဏ သည် လွန်စွာလျော့နည်းနေသေးကြောင်း ယင်းကြောင့် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန်လိုပြီး တိုင်း ဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကနယ်မြေအတွင်းရှိလမ်းကြောင်းများတွင် ပုံမှန်ဖမ်းဆီးမှု၊ ရှောင်တခင်စစ်ဆေးတားဆီးဖမ်းဆီးခြင်းများကို နေ့ညမပြတ်ဆောင်ရွက်ရန် ကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်စိုးဝင်းက တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၅)တွင် ပြောကြားခဲ့သည်။
▪️ အလားတူ“လိုင်စင်မဲ့မော်တော်ယာဉ်များ စိစစ်ဖော်ထုတ်ရာ၌ ဖမ်းဆီးရမိသူများအပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကိုလည်း အဆင့်ဆင့် စိစစ်ဖော်ထုတ်အရေးယူသွားရန် ၊ တရားမဝင် မော်တော်ဆိုင်ကယ်များကိုလည်း စိစစ်ဖော်ထုတ်အရေးယူသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများ တွင် စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင် မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
▪️ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကို တွေ့ရပြီး နှစ်အလိုက်ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုးကျပ် ၆၅ ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ် ၁၃၅ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၂၂၃ ဘီလီယံ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံ၏ ကုန်သွယ်မှုပို့ကုန်၊ သွင်းကုန်ခြားနားချက်များကို ကြည့်မည်ဆိုပါကများစွာ ဖမ်းဆီးရန် လိုအပ်နေသေးကြောင်း၊ ပို့ကုန်၊ သွင်းကုန်တန် ဖိုးနှင့် ညီမျှသည့် ဖမ်းဆီးရမိမှုရှိစေရန်သက်ဆိုင်ရာဝန် ထမ်းများအနေဖြင့်ပိုမိုထိရောက်သည့်ဖမ်းဆီးမှုများ၊ တိကျသည့်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင်ရှိသည့် တရားမဝင်ဝင်ထွက်ပေါက်များကို ထိန်းချုပ်ရန်ခက် ခဲသည့်အပြင် တရားမဝင်မှောင်ခိုရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများလည်းရှိ၍ ယင်းတို့ကိုပိတ်ဆို့ ရန်အခက်အခဲများစွာရှိသော်လည်း နယ်စပ်တစ်လျှောက်မှ ဝင်ပေါက်များကို ထိန်းချုပ်နိုင်သည့် အဓိကကျသောလမ်းကြောင်း၊ နေရာများတွင် တာဝန်ကျဝန်ထမ်းများက နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုမည်ဆိုသည့် စိတ်ဖြင့် ဆောင်ရွက်ပါက ပိုမိုဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်များမှ တစ်ဆင့်တင်ပို့ခြင်းအပြင် နယ်စပ်ဂိတ်များ အနီးရှိ ဂိုဒေါင်များတွင် သိမ်းဆည်း၍ ဖြန့်ချိခြင်းများလည်းရှိ သော ကြောင့် ကြောင်းသက်ဆိုင်ရာတာဝန်ရှိ သူများက ဖော်ထုတ်ဖမ်းဆီး၍ အရေးယူရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP