Published 10 February 2024

မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် အက်တမ် (ATOM) ကို လယ်ဝယ်ပိုင်ဆိုင်သည့် Investcom PTE Ltd. မှာ ရှယ်ယာပါဝင်ထားသည့်  ရွှေဗျိုင်းဖြူလုပ်ငန်းစု၏  ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်လိုက်ကြောင်း အက်တမ် (ATOM) မြန်မာ၏ ထုတ်ပြန်ချက်အရသိရသည်။

ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက်ဆိုင်သူများကို အက်တမ်(ATOM) ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ပြီး Myancom Holding Ltd. သို့ ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရှယ်ယာများကို အပြီးတိုင်လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အက်တမ် (ATOM) သည် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း ပြောကြားသည်။

ထို့အပြင် အရေးယူပိတ်ဆို့ခံရသော  မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အနေနှင့် ခန့်အပ်ထားရှိခြင်း မရှိကြောင်း သိရသည်။

အက်တမ် (ATOM) အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ဦးသိန်းဝင်းဇော်၊ ဦးဝင်းပိုင်ကျော်၊ ဒေါ်တင်လတ်မင်းတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးဝင်းပိုင်ကျော်သည်လည်း အက်တမ်မြန်မာ (ATOM Myanmar) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ကာ ယခုလက်ရှိအချိန်တွင် ထိုလစ်လပ်သောရာထူးအတွက် အသစ်ထပ်မံခန့်အပ်ထားခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက  ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့ အရေးယူခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် စီးပွားရေး လက်တွဲလုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သား သမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားခြင်းဖြစ်သည်။

Atom အနေဖြင့် Telenor Myanmar ကို အပြီးသတ် ဝယ်ယူပြီးနောက်  ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်‌ကြောင်း
ပြောကြားထားသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group