၁၈ ဧပြီ ၂၀၂၅

ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်   တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေတယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

ဧပြီ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌ ရုံးအစည်းအဝေးခမ်းတွင်ကျင်းပခဲ့တဲ့ ပြည်ထောင်စု  အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို ခဲ့ခြင်းဖြစ်ပါ  တယ်။

အဲသလိုစီစဉ်ရာမှာ ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှ အဆောက်အဦများတည်ဆောက် ထားရှိမှုများကိုနမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင်တည်ရှိနေသည့် အဆောက်အဦ  များကို ပြောင်းရွှေ့နေရာချထားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ နစကသတင်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ဝန်ထမ်းအိမ်ရာ  များပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားရန်လည်း ဗိုလ်ချုပ်မှူးကြီးက မှာကြားပါတယ်။

အဲဒီနောက်အစည်းအဝေးတက်ရောက်လာတဲ့ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နစက ကောင်စီဝင်များ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက  ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေမှုများကို ကဏ္ဍအလိုက်တင်ပြခဲ့ကြပါတယ်။

ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးလျက်   ရှိကြောင်းနှင့် ဧပြီ ၁၇ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ  ဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေး ခဲ့ပြီး အာဆီယံအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ယနေ့အထိ သေဆုံးသူ (၃၆၆၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၈၂၄) ဦး၊ ပျောက်ဆုံးသူ (၁၂၆) ဦးရှိပြီဖြစ်ပါတယ်။

#ymg/knl