၃၀ မတ် ၂၀၂၅

လတ်တလောဖြစ်ပေါ်ခဲ့သည့် အခြေအနေကြောင့် နိုင်ငံနှင့်အဝှမ်း စက်သုံးဆီ ပြတ်လပ်မှုမရှိအောင် စနစ်တကျဆောင်ရွက်ထားပြီး ပြည်သူတွေအနေနှင့် စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်အတွက် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့် သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ဆီတင်ယာဉ်များမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ JETTY များတွင်(၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီတင်ဆောင်နေသည့် သင်္ဘော(၁၁)စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည်မဟုတ်ဘဲ ပုံမှန်ဖြန့်ဖြူးရေးများအပြင် လိုအပ်ပါကအရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရန်အတွက် ဆီသယ်ယာဉ်များလည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း အဆိုပါအသိပေးစာမှာ ဖော်ပြပါရှိပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(Bowser)များအဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ၂၉-၃-၂ဝ၂၅ ရက်နေ့တွင်နေပြည်တော်ရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၂၂)စီးဖြင့် 92 Ron(၄၈,၅၉၉)ဂါလန်၊95 Ron(၁၂,၇၃၄)ဂါလန်၊ HSD(၂၂,၁၀၆)ဂါ လန်နှင့် PHSD(၂၈,၈၇၁)ဂါလန်တို့အားလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၃၇၁)စီးဖြင့် 92 Ron(၃၀၆,၂၅၀)ဂါလန်၊ 95 Ron(၁၇၅,၀၉၂)ဂါလန်၊ HSD(၃၂၀,၇၀၆)ဂါလန်နှင့် PHSD(၄၅၅,၁၆၂)ဂါလန်တို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၁၅၁)စီးဖြင့် 92 Ron(၃၆၇,၆၈၂)ဂါလန်၊ 95 Ron(၈၈,၂၇၃)ဂါလန်၊ HSD(၂၄၁,၆၂၂)ဂါလန်နှင့် PHSD (၃၅၂,ဝ၅၃)ဂါလန်တို့အားလည်းကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ .. အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၄၁၈)စီးဖြင့် 92 Ron(၇၈၃,၉၅၀)ဂါလန်၊ 95 Ron(၁၄၅,၇၀၃)ဂါလန်၊ HSD(၅၁၈,၃၂၄)ဂါလန်နှင့် PHSD(၉၅၅,၉၃၆)ဂါလန်တို့အားလည်းကောင်း ပို့ဆောင်ခဲ့ပြီး ယနေ့တွင်လည်းယခင်သယ်ယူပို့ဆောင်မှုထက် ပိုမိုသယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။

မတ်လ ၂၈ရက် နေ့တွငလှုပ်ရှားခဲ့တဲ့ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့၏ အဆောက်အဦများ ပြိုကျပျက်စီးခြင်း/မြေအောက်သိုလှောင်ကန်အပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ယိုယွင်းပျက်စီးခြင်း၊ စက်သုံးဆီ ဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးယိုယွင်းခဲ့သည့်အပြင် လျှပ်စစ်မီးလိုင်းများလည်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပေမယ့် အမြန်ဆုံးပြုပြင်မှုများဆောင်ရွက်ခဲ့တဲ့အတွက် အများစုကိုပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းများလည်ပတ်နေပြီလို့လည်း အဆိုပါသတင်းထုတ်ပြန်ချက် က အသိပေးထားပါတယ်။

အဲဒါကြောင့် ယခုအခါ ယနေ့တွင် နေပြည်တော်အတွင်း အရောင်းဆိုင်(၁၀၆)ဆိုင်အနက်  အရောင်းဆိုင် (၉၀)ခန့်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်အနက် အရောင်းဆိုင် (၁၀၀) ခန့် ပြင်ဆင်ပြီးစီးခဲ့ပြီး ပြန်လည်ဖွင့်လှစ်ရောင်းချလျက် ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဓဒသကြီးအတွင်းရှိ အရောင်းဆိုင်(၂၁၇)ဆိုင်အနက် (၂၀၉)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အရောင်းဆိုင်များအနက် အကြောင်းအမျိုးမျိုးကြောင့်ယာယီ ပိတ်ထားသည့် အရောင်းဆိုင်အချို့မှလွဲ၍ အရောင်းဆိုင်အားလုံး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#knl/ymg