နေပြည်တော်၊ မတ် - ၃၀
မြန်မာနိုင်ငံတွင်၊ မတ်လ ၂၈ ရက်တွင် ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပတ်သက်၍ အကူအညီ များပေးအပ်နိုင်ရေးအတွက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လည်ပိုင်းတွင် အာဆီယံအလှည့် အကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato’ Seri Haji Anwar bin Ibrahim နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းသို့ပြောကြားရာတွင် ဦးစွာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က မလေးရှား နိုင်ငံအနေဖြင့်သော်လည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့်သော်လည်းကောင်း မြန်မာ နိုင်ငံတွင်ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများ အပေါ် မိမိတို့အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း မိမိတိုနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လေယာဉ်ဖြင့် စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း၊ အလားတူ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ရုပ်သံအစည်းအဝေးပြုလုပ်၍ အဆွေတော် အပါအဝင် အာဆီယံ အဖွဲ့ဝင်မိသားစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ မည်သို့ ကူညီဆောင် ရွက်ရ မည်ကို ဆွေးနွေးခဲ့ပါကြောင်းဖြင့်ပြော ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးကလည်း ယခုကဲ့သို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေဖြင့်သော်လည်းကောင်း၊ မလေးရှား နိုင်ငံဝန်ကြီးချုပ်အနေဖြင့်သော်လည်းကောင်း မိမိတို့ မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေ များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားပေးမှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆွေတော်တို့နိုင်ငံ၏ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ AHA စင်တာ၏ အကူအညီပေးမှုဖြင့် ယမန်နေ့ကလည်း စက်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိတာဝန် ထမ်းဆောင်နေပြီဖြစ်ပါ ကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ ၁၇၀၀ ခန့်နှင့် ဒဏ်ရာရရှိသူ ၃၄၀၀ ခန့်ရှိ ပြီး ပျောက်ဆုံးသူ ၃၀၀ နီးပါးခန့်ရှိကြောင်း၊ သေဆုံးသူအရေအတွက်ထပ်မံတိုးလာနိုင် ကြောင်း၊ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲများရှိနိုင်ပါကြောင်း၊ အဓိကအား ဖြင့် ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေချိန်တွင် အဆွေ တော်တို့နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအတွက်လည်း ကျေးဇူး တင်ရှိကြောင်းနှင့် အာဆီယံအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ရှိပကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။
အဲဒီနောက်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှား နိုင်ငံ နှင့်ချစ်ကြည်ရင်နှီးမှုများရှိပြီးဖြစ်သည့်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်ကူညီမှုများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံခြား ရေးဝန်ကြီးကို မြန်မာနိုင်ငံအတွက် ပေးအပ်နိုင်မည့် အကူအညီများပေးအပ်နိုင်ရေး မြေပြင်အခြေအနေ များကို ကြည်ရှုရန် အတွက် အဆွေတော်တို့နိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား တယ်လို့သိရပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မလေးရှားနိုင်ငံသည် မိမိတို့နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု များကောင်းမွန်သည့် နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်တို့နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မှုကိုလည်း မိမိတို့နိုင်ငံမှကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအသိုင်းအဝိုင်း အတွင်း မှန်ကန်သည့် စိတ်သဘောထားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မလေးရှားနိုင်ငံ အနေဖြင့်သော်လည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့်သော်လည်းကောင်း ယခုကဲ့သို့ ဆက်သွယ်မေးမြန်း ကူညီဆောင်ရွက်ပေး သည့်အတွက်လည်း မိမိတို့နိုင်ငံအတွက်ခွန်အားများ စွာရရှိစေ ပြီး မိမိနှင့် မြန်မာနိုင်ငံ ပြည်သူများအနေဖြင့် များစွာကျေးဇူး တင်ရှိပါကြောင်းဖြင့်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။