၇ မတ် ၂၀၂၅
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာရွေးကောက်ပွဲတွင် ဘီလာရုစ်က စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးရေးအဆိုပြုခဲ့ရာ ဘီလာရုစ်သမ္မတ အလက်ဇင်းဒါး လူကာရှန်းကော့က လက်ခံခဲ့တယ်လို့ ဘီလာရုစ် မီဒီယာများကသတင်းရေးသားကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ ရုရှားနိုင်ငံမှတစ်ဆင့် မတ် ၆ရက်နေ့တွင် ချစ်ကြည် ရေးခရီး စတင်ရောက်ရှိနေခဲ့ပြီး ယနေ့မတ် ၇ ရက်နေ့တွင် ဘီလာရုစ်သမ္မတ အလက်ဇင်း ဒါးလူကာရှန်းကော့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
“ ကျွန်တော်တို့ရဲ့လေ့လာစောင့်ကြည့်သူတွေကို အဆွေတော်တို့နိုင်ငံရွေးကောက်ပွဲကိုလာပါမယ်။ ဒါပေ မယ့် အဆွေတော့်ကိုတော့ ကျွန်တော်အကြံပြုလိုပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမှာမှန်သမျှ လုပ်သာလုပ်ပါ။ သဘာဝအရကိုက ဘာပဲလုပ်လုပ် မကြိုက်တဲ့သူတစ်ဦးဦးကတော့ရှိနေမှာပဲ။ အဆွေတော်နှင့်ကျွန်တော်တို့ဆိုရင် အရေးယူပိတ်ဆို့မှုတွေရှိနေတာပဲ” လို့ သမ္မတလူကာရှန်းကော့က ဗိုလ်ချုပ်မှူးကြီးကိုပြောခဲ့ပါတယ်။
“ လက်ရှိအချိန်မှာ အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းတွေပါ။ အဲဒါကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ အကြား ဆက်ဆံရေးအားကောင်းနက်ရှိုင်းစေမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ ရယူကြဖို့ အဆွေတော်နှင့်ကျွန်တော်တို့ သဘောတူခဲ့ကြတာပါ” လို့ ဘီလာရုစ်သမ္မတကဆက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးကလည်း သမ္မတလူကာရှန်းကော့ရဲ့ရပ်တည်ချက်ကိုထောက်ခံခဲ့ပါတယ်။ “ အရေးယူ ပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းတွေဆိုတာမှန်ပါတယ်။ အရေးယူပိတ်ဆို့မှုကို ညီညွတ်မှုနှင့် ပြန်ပြီး ခုခံ တွန်းလှန်နိုင်ပါတယ်။သူတို့က ကျွန်တော်တို့ကို အရေးယူ ပိတ်ဆို့လိုက်ရင် အဖြေထွက်မယ် ထင်ခဲ့ တယ်။တကယ်တမ်းတော့ ပဋိပက္ခတွေပဲဦးတည်သွားစေတာပါ” လို့ ပြန်ပြောခဲ့ပါတယ်။
ဘီလာရုစ်သမ္မတက ဆက်ဆံရေးကို ရှေ့သို့ပို၍ပို၍တိုးတက်သွားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးကို ပြောခဲ့ပါတယ်။ ဘီလာရုစ်နှင့်မြန်မာနှစ်နိုင်ငံဆက်ဆံရေးအကြားမှာ ပိတ်ထားတဲ့ခေါင်းစဉ်ဆိုတာ မရှိဘူး လို့လည်းသူကဆက်ပြောပါတယ်။ နောက်ထပ်ဆက်ဆံရေးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ပြီး အခြေခံကျတဲ့ ပူးတွဲစီမံကိန်းတွေ သတ်မှတ်နိုင်ကြဖို့လည်း သူကအကြံပြုခဲ့ပါတယ်။
“ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် အထူးစိတ်ဝင်စားပါတယ်။ အဆွေတော်တို့လိုချင်တာတွေ ကျွန်တော် တို့ဆီမှာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ အဆွေတော်တို့အတွက် အသုံးတည့်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေကို အဆွေ တော်တို့ လေးလေးနက်နက်လေ့လာဖို့အကြံပြုလိုပါတယ်။ စက်မှု၊စိုက်ပျိုးရေး၊ထောက်ပံ့ပို့ဆောင်ရေး တို့ပေါ့။ အဆွေတော်တို့အသုံးတည့်မယ့်တစ်ခုခုတွေ့ရင် ကျွန်တော်တို့ဟာ အဆွေတော်တို့နှင့်အတူ အမြဲရှိနေမှာပါ။ အဆွေတော်တို့ရဲ့အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အမြဲအသင့်ရှိ နေပါတယ်” လို့ ဘီလာရုစ်သမ္မတကအလေးပေးပြောပါတယ်။
ဆွေးနွေးပွဲအပြီးမှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတအလက်ဇင်းဒါး လူကာရှန်ကော့ ကို အဂ္ဂမဟာသရေစည်သူ ဘွဲ့တံဆိပ်ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။
တွေ့ဆုံဆွေးနွေးမှုအပြီးထွက်ပေါ်လာတဲ့ရလဒ်တွေက-
🔳အခြားနိုင်ငံများမှ ကလေးငယ်များ ဘီလာရုစ်သို့ နှစ်စဉ်လာရောက်လည်ပတ်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ကလေးသူငယ်များ လာမည့် ၂၀၂၅ နွေရာသီတွင် ဘီလာရုစ်သို့ အလည်အပတ် အပန်းဖြေလာရောက် ပါရန် သမ္မတလူကာရှန်းကော့က ဖိတ်ကြားခဲ့
🔳ဘီလာရုစ်နှင့်မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာများလက်မှတ်ရေး ထိုးခဲ့ရာ
- လုံခုံရေးအဆင့်သတ်မှတ်ထားသော သတင်းအချက်အလက်များ အပြန်အလှန်အကာအကွယ် ပေးရေးသဘောတူညီချက်
- အားကစားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်
- ဘီလာရုစ်တရားရေးဝန်ကြီးဌာနနှင့်မြန်မာ ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင် ရွက်ရေးသဘောတူညီချက်
- ဘီလာရုစ် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာနနှင့်မြန်မာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့အကြား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ
- ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ အခြားသော ကန်ထရိုက်စာချုပ်နှင့်စာချွန်လွှာ ၁၅ခုကျော်ကို လည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြ
Source SBNews