၄ မတ် ၂၀၂၅
မြန်မာနိုင်ငံဟာ အာရှပစိဖိတ်ဒေသမှာ ရုရှားရဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ရုရှား ဝန်ကြီးချုပ် မစ်ရှုစတင်က မြန်မာအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြောပါတယ်။
ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်နှင့် ဒီကနေ့ မတ်လ ၄ရက်နေ့မှာ မော်စကို၌ တွေ့ဆုံခဲ့စဉ် ရုရှားဝန်ကြီးချုပ်ကပြောကြားခဲ့တာ ဖြစ်တယ်လို့ ရုရှားTASS သတင်းဌာနက သတင်းဖော်ပြပါတယ်။
“ ရုရှားနှင့်မြန်မာ နှစ်နိုင်ငံစလုံးကို တရားမဝင်အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ကြပေမယ့် ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးနှင့် စီးပွာရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ အောင်မြင်စွာတိုးတက်လာနေပါတယ်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုဟာ တိုးတက်လာနေတယ်။ ကျွန်တော်တို့ဟာ စွမ်းအင်၊ ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေပါ တယ်” လို့ ရုရှားဝန်ကြီးချုပ်ကပြောပါတယ်။
နှစ်နိုင်ငံဟာ တယ်လီဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ၊စားသောက်ကုန်လုပ်ငန်းနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေးတွေမှာ ပူးတွဲစီမံကိန်းအသစ်တွေ အတွက် လုပ်ဆောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
“ ဒီနှစ်မှာ ကျွန်တော်တို့ဟာ ရုရှားနှင့်မြန်မာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးတည်ဆောက်မှု ပူးတွဲ ကြေညာစာတမ်းလက်မှတ်ရေးထိုးတဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပါတယ်။အဆွေတော်ရဲ့ခရီးစဉ် ဟာ နယ်ပယ်အားလုံးမှာ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေဖို့ တွန်းအားအသစ် တစ်ခု ပေးစွမ်းလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သမ္မတပူတင်နှင့်အဆွေတော်တို့တွေ့ဆုံဆွေးနွေး ပြီးတဲ့အခါရရှိမယ့် ရလဒ်တွေကို ကျွန်တော်တို့အစိုးရက တိတိကျကျ အသေအချာအကောင်အထည် ဖော်ပေးပါမယ်” လို့လည်း ရုရှားဝန်ကြီးချုပ်ကပြောတယ်လို့ရုရှားမီဒီယာကသတင်းရေးသားပါတယ်။