၁၆ ဖေဖော်ဝါရီ ၂၀၂၅

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျှိုကျုံးရီသည် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများမှ ကယ်ထုတ်လာခဲ့သည့် တရုတ်နိုင်ငံသားများကို ပြန်လည်လက်ခံရေးပြင်ဆင်မှုများပြုလုပ်နိုင်ရန်  ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို ဖြတ်သန်းခဲ့ကြောင်း ထိုင်းသတင်းများကရေးသားသည်။

အရာရှိ ၂၆ဦးကို ဦးဆောင်လာသည့် ဒုဝန်ကြီးလျှိုသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းမှ မဲဆောက်နိုင်ငံတကာ   လေဆိပ်သို့   ရောက်ရှိခဲ့သည်။

တရုတ်ဒုဝန်ကြီးလျှိုနှင့်အဖွဲ့ သည် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)သို့သွားရောက်ရာတွင် တပ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး ဖလွန်ကလင်ဖေယွမ်က လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြောင်း သတင်းများကဆိုသည်။ ရဲမှူးကြီးက မြန်မာနိုင်ငံ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ သို့ နိုင်ငံခြားသားများလွှဲပြောင်းပေးပို့နေမှုလုပ်ငန်းစဉ်တွေကို တရုတ်ဒုဝန်ကြီးအား ရှင်းလင်းပြောပြခဲ့သည်။

မြန်မာ နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုလ်တွင် လတ်တလော ဖြိုခွင်းနှိမ်နှင်းမှုများပြုလုပ်နေပြီး  လူပေါင်း ၂၀၀၀ခန့် ထိန်းသိမ်းဖမ်းဆီးထားနိုင်ခဲ့ရာ ယင်းတို့အနက်ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။ ထိုဖမ်းဆီးခံရသူများထဲတွင်လူကုန်ကူးခံရသူများနှင့် မိမိဆန္ဒအလျောက် တစ်ဦး ချင်းက ဆက်သွယ်၍ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြသည်။

ဒုဝန်ကြီးလျှိုက လုပ်ငန်းစဉ်များကို အသေးစိတ်စစ်ဆေးခဲ့ပြီး မဲဆောက်လေဆိပ်တွင် တရုတ်လေယာဉ်  ပျံထားရှိကာ တရုတ်နိုင်ငံက ၂၀၂၄ခုနှစ်တွင် အသုံးပြုခဲ့သည့် ပြန်လည်လက်ခံရေးနည်းစနစ်ကို ညွှန်းဆိုပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ သတင်းတွင်ဖော်ပြထားသည်။

#knl/ymg

Shwe Kokko scammer2