#Local_News
Published -18 July 2024

▪️ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

▪️ ယင်းအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း၊နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်းသိရသည်။

 

▪️ နစကဥက္ကဋ္ဌက အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

▪️ ယင်းနောက် နစက ဒုဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာ တော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

 

▪️ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့် ဇနီး၊နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

#Yangon -Times/PP