#Local_News
Published 15 July 2024

▪️ နေပြည်တော်ရှိ ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့‌မြေလုံး ၁၀၀၀၀၀ ကြဲချပြီး စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

▪️ သစ်ပင်အမျိုးအစား ကိုးမျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့်သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း ၁၀၀၀၀၀ ကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

 

▪️ အဆိုပါ အစီအစဉ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

 

▪️ ၂၀၂၄ ခုနှစ် မိုးရာသီ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြိုနယ် ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်းအထက် ဆင်သေကြိုးဝိုင်းအကွက်အမှတ် ၅၆ ရှိ နေရာ ၁ နေရာ၊ ဧရိယာ ၁၀ ဒသမ ၅ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစားများကို ကြဲချစိုက်ပျိုးခဲ့သည်။

 

▪️ ယင်းအစီအစဉ်သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ၊ နယ်မြေခံလေတပ်စခန်း စခန်းမှူး၊ တပ်မတော်(လေ)မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး  ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချသည်။

 

▪️ သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး (၆၀ ရာနှုန်း) နှင့် အများဆုံး (၉၀ ရာနှုန်း) ပေါက်ရောက်ပြီး အပင်ပေါက်ရောက်မှုရာခိုင်နှုန်း ကောင်းမွန်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့်သစ်မျိုး ကိုးမျိုးကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံးတစ်လုံးလျှင် သစ်စေ့နှစ်စေ့မှ ငါးစေ့အထိ ထည့်သွင်းဆောင်ရွက်ခဲ့သည်။

 

▪️ သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်းနှင့် 

 

▪️ ၂၀၂၄ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှုအခြေအနေစာရင်း ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times