#Local_News
Published 13 July 2024

▪️ မြန်မာအမျိုးသမီးလက်‌ရွေးစင် ဘောလုံးအသင်းသည်အိန္ဒိယအသင်းနှင့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ‌ (ဒုတိယပွဲ)ကန်ရာတွင် (၁)ဂိုး-(၁)ဂိုးဖြင့်သရေရလဒ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

▪️ မြန်မာအမျိုးသမီးလက်‌ရွေးစင်အသင်းသည်ဇူလိုင် ၉ ရက်နှင့် ၁၂ရက်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏကွင်း၌  အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့ပြီး ဇူလိုင်(၉)ရက်ပွဲစဉ်တွင် မြန်မာအသင်း နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီး ဇူလိုင်(၁၂)ရက်ပွဲစဉ်၌ (၁)ဂိုး- တစ်ဂိုးဖြင့်သရေရလဒ်ရရှိခဲ့သည် ဟုဆိုသည်။

 

▪️ ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ယူကီတက်ဆူရိုက "ကျွန်တော်တို့ နှစ်ပွဲကစားရာမှာ ပထမပွဲမှာ အနိုင်ရခဲ့ပြီး ဒီနေ့ပွဲမှာတော့ သရေကျခဲ့ပါတယ်။

 

▪️ ဒီနေ့ပွဲ ပထမပိုင်းမှာ ရာသီဥတု အခြေအနေကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းမှာတော့ မှာကြားထားတဲ့အတိုင်း လိုက်နာပြီး ခြေစွမ်းပြနိုင်ခဲ့သလို အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ အထူးသဖြင့် ပွဲပြီးကာနီးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပါတယ်။

 

▪️ တစ်ဂိုးစီ သရေကျခဲ့တာက အကောင်းဆုံး ရလဒ်မဟုတ်ခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာတော့ ကျေနပ်မိပါတယ်"ဟု ပြောခဲ့သည်။

 

▪️ အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်လန်ဂန် ချော်ဘာ ဒေဝီကလည်း "ပထမဆုံး အနေနဲ့ ကိုယ့်ထက် ကမ္ဘာ့အဆင့်မြင့်တဲ့ မြန်မာအသင်းက ကျွန်မတို့ကို အခုလိုဖိတ်ကြားပြီး ခြေစမ်းပွဲ နှစ်ပွဲကစားပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပထမပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး ကျွန်မတို့ သေချာပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်မတို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။အထူးသဖြင့် ပွဲချိန်ပထမပိုင်းကို ကျွန်မတို့ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ နှစ်သင်းစလုံးက တိုးတက်လာတဲ့ အသင်းတွေဖြစ်ပြီးတော့ နောက်လည်း အခုလို တွေ့ဆုံခွင့်ရပြီး အကောင်းဆုံး ကစားချင်ပါသေးတယ်"ဟု ပြောသည်။

 

▪️ မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး ဇွန် ၁၆ ရက်မှ စတင်ပြီး  လက်ရွေးစင်အသင်းများအဆောင်မှာ  ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ပြီးကြိုတင်ပြင်ဆင်ခဲ့ကြောင်းနှင့်နိုင်ငံတကာခြေစမ်းပွဲ‌များ ကစားသွားမည့်အပြင် ပြည်ပနိုင်ငံတွေကိုလည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်‌ များသွားရောက်ဖို့ စီစဉ်ထားကြောင်း သိရသည်။

 

#tthl #Yangon_Times