#Local_News
Published 10 July 2024

▪️ လာမည့် ဇူလိုင် (၁၉) ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားပြုလုပ်နေစဉ်အချိန်၌ ရန်ကုန်မြို့ရှိအာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့်အတွင်းဝန်ရုံးအနီးရှိ လမ်းအချို့ကို ခေတ္တပိတ်ကာ လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ရာ လမ်းပိတ်ထားစဥ်ကာလအတွင်းလမ်းလွှဲများမှမောင်းနှင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

 

▪️ အဆိုပါ ထုတ်ပြန်ချက်တွင် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ပြုလုပ်မည်ဖြစ်၍   နံနက် (၄) နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုနည်းတူ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အနီးရှိ လမ်းပိုင်းကိုလည်း ဇူလိုင် (၁၉) ရက်တွင် နံနက် (၅)နာရီမှ ညနေ (၆)နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့်ဆုံရာမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ထို့ပြင် အလံတင်အခမ်းအနား ကျင်းပမည့် အတွင်းဝန်ရုံးအနီးရှိ လမ်းအချို့ကိုလည်း ဇူလိုင် (၁၉)ရက်တွင် နံနက် (၅) နာရီမှ ညနေ (၆) နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံအထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုကဲ့သို့လမ်းပိုင်းများ လမ်းပိတ်/လမ်းလွှဲရှိမှုများကြောင့်ယာဉ်မောင်းများအနေဖြင့် အာဇာနည်နေ့ အခမ်းအနားကျင်းပစဉ် အခြားသင့်လျော်သည့် လမ်းများမှ မောင်းနှင်သွား လာနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times