#Local_News
Published 5 July 2024

▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သက်သာသည့်ဈေးနှုန်းဖြင့် လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချပေးနေသော်လည်း မြို့နယ်အချို့ရှိ ဆန်ဆိုင် အချို့မှာမူ ဈေးချရောင်းချခြင်းမရှိသေးကြောင်း စားသုံးသူများထံမှ သိရသည်။

 

▪️ ရန်ကုန်နှင့်မြို့ကြီးများရှိ လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်မော်လမြိုင်မြို့တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

 

▪️ သို့သော် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ရှိလက်လီဆိုင်များမှာမူယခင်နှုန်းထားအတိုင်းရောင်းချနေဆဲဖြစ်ကြောင်းစားသုံးသူများထံမှ သိရသည်။

 

▪️ "ဆန်ဈေးတွေက မကျသေးဘူးလားလို့ ဝယ်နေကျဆန်ဆိုင်ကိုမေးတာ၊ ဆန်ဆိုင်က သူတို့လည်း ကုန်စည်ဒိုင်တွေမှာသွားဝယ်တာပဲ၊ ချပေးတဲ့ ဈေးနှုန်းအတိုင်းမရဘူး၊ ချပေးတဲ့ဆန်တွေကလည်း အရည်အသွေးသိပ်မကောင်းဘူးလို့ပြောတယ်၊ တကယ်ပဲသူတို့ဝယ်မရတာလား၊ ဝယ်ရပြီးပဲအမြတ်တင်ရောင်းနေတာလားတော့မသိပါဘူး၊ ဒီလိုမြို့နယ်တွေက လက်လီဆိုင်တွေကို သေချာကြပ်မတ်ပေးမှသာ ဆန်ဈေးကတကယ်ကျမှာပါ၊ ကျွန်မတို့က အမှန်တကယ် လျော့ဈေးနဲ့ရောင်းပေးနေတဲ့ဆီမှာ တစ်အိတ်၊ နှစ်အိတ်လိုအများကြီးလည်းလှမ်းမမှာနိုင်ဘူး၊ ကျွန်မတို့လိုပဲ တစ်နေ့လုပ်တစ်နေ့စားတွေလည်း ဒီလိုပဲနေ့စဉ်ဝယ်နေရတော့ လက်လီဆိုင်‌တွေရဲ့ ပြောသမျှယုံရ၊ ခံရတာပဲ၊ သက်သာတဲ့ဈေးနဲ့သူတို့ကတစ်ခါဝယ် နဂိုဈေးနဲ့ဒီဘက်ပြန်ရောင်းဆိုရင် စားသုံးသူတော့မသက်သာဘူး၊ သူတို့ပဲပိုချမ်းသာသွားမယ်၊ စားအုန်းဆီဆိုင်တွေဆိုလည်း ဒီလိုပဲ အပေါ်ကဘယ်လောက်လုပ်ပေးပေး နည်းနည်းရောင်းပေးပြီး ကုန်ပြီပြောလည်း ဝယ်တဲ့သူတွေဘာမှမပြောနိုင်ဘူး"ဟု ရွှေပြည်သာမြို့နယ်မှ ဆန်လက်လီဝယ်ယူသူတစ်ဦးက ပြောသည်။

 

▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များ နှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့ကြီးများရှိ ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင် စဉ်ဆက်မပြတ် ဆက်လက် ရောင်းချ ပေးနေကြောင်း သိရသည်။ထို့အပြင် အသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့်ဧည့်မထဆန်များကို (၁၀)ကီလိုအိတ်၊ (၅)ကီလိုအိတ်များဖြင့် လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်မော်လမြိုင်မြို့တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

▪️ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အိမ်အရောက်ပို့ဝန်ဆောင်မှုစနစ်ဖြင့် ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များသို့လည်း ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန် (၁၀) ကီလိုအိတ်များ၊ (၅) ကီလိုအိတ်များကို စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times