#Local_News
Published_ 4 July 2024
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားကြောင်း ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ပြုလုပ်တဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။

 

▪️ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးလှမိုးက သွင်းအားစုတင်သွင်း တဲ့ကုမ္ပဏီအလိုက် လျာထားတင်သွင်းခွင့်ပြုထားသော ပမာဏတန်ချိန်များအတွက် ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်မည့် ဈေးနှုန်းများကို ယှဉ်ပြိုင် စနစ်ဖြင့် စိစစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ ဒါ့ကြောင့် ယခုနှစ်တွင် ဈေးနှုန်းပိုမိုသက်သာစွာ တောင်သူများကို ဖြန့်ဖြူးပေးနိုင်ပြီး ထုတ်ပြန်ထားပြီးသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန် ကုမ္ပဏီများကိုလည်း လမ်းညွှန်ထားတယ်လို့ ပြောပါတယ်။

 

▪️ ဓာတ်မြေဩဇာများ သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မရှိစေရေး သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် သတင်းများ ရရှိ၊ တွေ့ရှိလျှင် ဦးဆောင်ကော်မတီသို့ တင်ပြပေးရန်နှင့် မြို့နယ်အလိုက် အရောင်းဆိုင် များ၊ ဂိုဒေါင်များတွင် သတ်မှတ်ဈေးဖြင့် ရောင်း/မရောင်းကို ကော်မတီဝင် ဌာနဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးပြီး ဆိုင်ရာကော်မတီဝင် ဌာနများနှင့်အတူ စိစစ်ပေးဖို့ ပြောကြားပါတယ်။

 

▪️ ရန်ကုန်အထိုင်ဈေးနှုန်းများအနေဖြင့် ယူရီးယားအလုံးကြီးကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀၊ ရော့ခ်ဖော့စ်စဖိတ်အခြေခံ ၁၅ ပတ်လည်ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁ သိန်းနှုန်း၊ ဒီအေပီအခြေခံ ၁၅ ပတ်လည် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်း၊ ကွန်းပလပ်စ် ၁၅ ပတ်လည် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၂၂၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။

 

▪️ အဆိုပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးဖြစ်၍ သက်ဆိုင်ရာဒေသအရောက် သယ်ယူစရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေတို့ထည့်ပေါင်းကာ ဈေးသတ်မှတ်ရန်၊ ဓာတ်မြေဩဇာများသိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ရန်တို့ကို ပြည်နယ်နှင့်တိုင်းဒေသကြီး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများက ကြီးကြပ်နေတာ ဖြစ်ပါတယ်။

 

#Ymg_mnn #Yangon_Media_Group