#Local_News
Published_ 2 July 2024


▪️ ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဇူလိုင်(၂၈)ရက် တွင် ကိုယ်ခံအားမြှင့်ဇီဝကမ္မဆေးဝါးများထုတ်လုပ်မှု၌ အထင်ကရ ဆေးသုတေသန ဌာနဖြစ်သည့် Butantan Institute သို့သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာ၌အသုံးပြုသော နည်းပညာများ မြှင့်တင်ရေး စီမံကိန်းသဘော တူညီချက်အရ မြန်မာကျွမ်းကျင်ပညာရှင်များ မကြာမီလာရောက်မည့်ကိစ္စနှင့် မြွေဆိပ်ဖြေဆေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

▪️ ထို့ပြင် Butantan Institute နှင့် အခြားဆေးသုတေသနနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဇွန်(၂၆)ရက်မှ(၂၈)ရက်အထိ ဆောင်ပါလိုမြို့သို့ (၃) ရက်ကြာသွားရောက်ခဲ့တဲ့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဇွန် (၂၆)ရက်တွင် ဆောင်ပါလိုမြို့ရှိ ဆောင်ပါလို ကုန်သည်ကြီးများအသင်း (ACSP) အဆောက်အဦ၌ ACSP ဥက္ကဋ္ဌ Mr. Roberto Mateus Ordine နှင့် တွေ့ဆုံ၍ မြန်မာနှင့် ဘရာဇီးတို့မှ စီးပွားရေး လုပ်ငန်းရှင်များအကြား စီးပွားရေးနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး အတွက် B2B ပုံစံဖြင့် အွန်လိုင်းဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိုလည်း ဆွေနွေခဲ့ကြပါတယ်။

 

▪️ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆောင်ပါလိုကုန်သည်ကြီးများအသင်း (ACSP) တို့အကြား လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် နားလည်မှုစာချွန်လွှာပါ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

▪️ ဇွန်(၂၇)ရက်တွင် သံအမတ်ကြီးသည် ဘရာဇီး စိုက်ပျိုးရေးဆိုင်ရာ အထင်ကရအကြံပေးအဖွဲ့အစည်း (DATAGRO) ၏ ဖိတ်ကြားချက်အရ Global Agribusiness Forum နှင့် Global Agribusiness Festival တို့သို့ ဘရာဇီးလျားမြို့အခြေစိုက် ဥရုဂွေး၊ ကင်ညာ၊ ဆူရီနမ်၊ ဘော့ဆွာနာ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါတယ်။

 

▪️ အဆိုပါဖိုရမ်တွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဥပဒေများ၊ နည်းပညာများနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေများကို တက်ရောက်လာတဲ့ သက်ဆိုင်ရာ အစိုးရအဆင့်မြင့် ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Ymg_mnn #Yangon_Media_Group