#Local_News
Published_ 28 June 2024


▪️ မြန်မာနိုင်ငံရှိဘဏ်များသည်SDN List အပါအဝင် နိုင်ငံတကာအရေးယူဆောင်ရွက်မှုစာရင်းများတွင် ပါရှိနေသော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပငွေကြေးလွှဲပြောင်းမှုများကို လုံးဝဆောင်ရွက်ပေးခြင်းမရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်လိုက် ကြောင်းသိရသည်။

 

ထုတ်ပြန်ချက်တွင်
▪️ မြန်မာနိုင်ငံဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိသည့် လမ်းညွှန်မှုများနှင့်အညီ စည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊

 

▪️ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ဘဏ်များသည် Regulatory Authority ဖြစ်သည့် ဗဟိုဘဏ်မှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊

 

▪️ ဘဏ်များသည် SDN List အပါအဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုစာရင်းများတွင် ပါရှိနေသော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပငွေကြေးလွှဲပြောင်းမှုများကို လုံးဝဆောင်ရွက်ပေးခြင်းမရှိဘဲ ဆက်သွယ်ဆောင်ရွက်သူများ၏ ရယူရမည့်အချက်အလက်များအား သေချာစွာစိစစ်ရယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပငွေကြေးလွှဲပြောင်းမှုများအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence-EDD) ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

 

▪️ ယင်းအပြင် မြန်မာနိုင်ငံဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာအာဏာပိုင်များ၏ တင်းကျပ်သော စည်းမျဉ်းများအရ မြန်မာနိုင်ငံဘဏ်များ၏ ကုန်သွယ်မှုအတွက် ငွေပေးချေမှုများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများအား အလေးထားစိစစ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း (EDD)လုပ်ငန်း စဉ်များ ပြီးစီးမှသာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

 

▪️ မြန်မာနိုင်ငံဘဏ်များသည် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)က သတ်မှတ်ထားသည့် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FATF မှ သတ်မှတ်ပေးထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများကို သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး 

 

▪️ ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်လုပ်ငန်းစဉ်များအတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုများအရ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ဖော်ပြခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times