၂၇ ဇွန် ၂၀၂၄

နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည်  တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အခမ်းအနားသို့တက်ရောက်ရန်  နေပြည်တော်လေဆိပ်မှ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက်တွင် အသိပေးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဦးသိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် နစက ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နစကအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ လေဆိပ်မှာ နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai ကလည်း နေပြည်တော်လေဆိပ်မှာ နှုတ်ဆက်ခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကလည်း  သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား   ပါတယ်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အတူလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက် ခွာသွားခဲ့ကြကြောင်းသတင်းရရှိပါတယ်။

@ymg/knl