#Local_News
Published_ 27 June 2024


▪️ မြန်မာနိုင်ငံတွင် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့"အခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Hou Yong နှင့် သံရုံးရဲရေးရာအဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 

▪️ ထိုနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးသုံးမြို့တွင် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၃၆ ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရန် ဓာတုပစ္စည်းများအမျိုးမျိုးကို တစ်ပြိုင်နက်တည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Hou Yong သည် ဖိတ်ကြားချက်အရ သံရုံးရဲရေးရာအဖွဲ့ကို ဦးဆောင်ကာ ဇွန်လ ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့သွားရောက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ကျင်းပသည့် (၃၇) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” မူးယစ်ဆေးဝါး စုပေါင်းမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ 

 

▪️ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ မြန်မာနိုင်ငံအခြေစိုက်ထိုင်းနှင့် အိန္ဒိယနိုင်ငံမှသံတမန် ကိုယ်စားလှယ်များနှင့် စုစုပေါင်းလူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း၊

 

▪️ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံခေတ်အဆက်ဆက်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အထူးအလေးအနက်ထားကြောင်း၊ လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံပြည်တွင်း၌ မူးယစ်ဆေးဝါးအခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ အတူတကွ တိုက်ဖျက်ကိုင်တွယ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို  အိမ်နီးချင်းနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွဖော်ဆောင်ရာ ထင်ရှားသည့်အကျိုးရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ပြီး တိုက်ဖျက်ရေးစုပေါင်းအင်အားအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊

 

▪️ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲအရာရှိကြီးများ တရုတ်နိုင်ငံ၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးသင်တန်း တက်ရောက်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီစဉ်ပံ့ပိုးပေးခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး စွမ်းဆောင်ရည် တည်ဆောက်မှု မြှင့်တင်ရေးတွင် ဆက်လက်ကူညီပံ့ပိုးပေးရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်ဟု‌ ဖော်ပြထားသည်။ 

 

▪️ မန္တလေး၌ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ရှိသည့် အိုက်စ်၊ အိုက်စ်ဆေးပြား၊  ဘိန်းဖြူ၊ ကတ်တမင်းအမှုန့်စသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတုပစ္စည်းများ အမျိုးအစားပေါင်း ၄၁ မျိုးကို မီးရှို့ဖျက်ဆီးခဲ့‌ကြောင်း သိရသည်။ 

 

#tthl #Yangon_Times