#Local_News
Published_ 22 June 2024


▪️ တရုတ်နိုင်ငံတွင် နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဆရာတော်၊သံဃာတော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

 

▪️ နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော်တိုက်သစ်ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲအခမ်းအနားကို တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အဂ္ဂသာမိနှင့် ဆရာတော်သုံးပါးတို့ပါဝင်သောအဖွဲ့တက်ရောက်ကြပြီး ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တက်ရောက်ပူဇော်ခဲ့ကြသည်။

 

▪️ ဗုဒ္ဓမြတ်စွယ်တော် စံကျောင်းတော်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နှီးနှောဖလှယ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှအဖွဲ့ ခေါင်းဆောင်များက ဗုဒ္ဓဘာသာအဓွန့်ရှည်စွာတည်တံ့ရေး၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအလိုက်သာသနာရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။

 

▪️ နိုင်ငံအသီးသီးမှအဖွဲ့ဝင်များအား ဇွန် ၂၁ ရက်တွင် လားမားဗုဒ္ဓကျောင်းတော်နှင့် ဒေသန္တရလှည့်လည်ကြည့်ရှုခြင်းများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီး နောက်ထပ်တစ်ကြိမ် (၅) ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

▪️ ဖွင့်ပွဲအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များအင်အား ၇၀ ခန့်နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

 

▪️ အခမ်းအနားတွင် တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌဆရာတော်ကြီး Most.Ven. YANJUE က နိုင်ငံအသီး သီးမှအဖွဲ့ဝင်များကို အဖွဲ့လိုက်သီးခြားတွေ့ ဆုံနှုတ်လဆက်ကာ ဓမ္မပဏ္ဏာများပေးအပ်ချီးမြှင့်၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာသာသနာတော်အား ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားသည်။

 

▪️ ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓစွယ်တော်တိုက် ပဓာနဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ Most. Ven. Zhan Chan ဦးစီး၍ နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာတော်အဖွဲ့များက ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

 

▪️ ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များနှင့် ဗုဒ္ဓအဆိုအမိန့်များပါဝင်သော ချစ်ကြည် ရေးပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြကြောင်း သိရသည်။

 

#tthl #Yangon_Times