Published 17 June 2024

ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်း မှော်ဘီဆေးရုံ၌ ဆေးကုသဆောင်အသစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အဦအသစ်များဖွင့်လှစ်ခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီး ဌာနမှသိရသည်။

အရေးပေါ်လူနာစမ်းသပ်ခန်းနှင့်သားဖွားခန်းများပါဝင်သည့်မှော်ဘီဆေးရုံ၏နှစ်ထပ်ကုသဆောင်အသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါအဆောက်အအုံ မြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ကြပ် ကြည့်ရှုခန်း၊ သားဖွားခန်းနှစ်ခန်း၊ မွေးပြီးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင် များ၊ ကြပ်မတ်ကုသခန်း၊ ကလေး လူနာကုသခန်းတို့ ပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရသိရသည်။

ပြည်ထောင်စုဝန်ကြီးက "လူနာများစိုက်ထုတ်ကုန်ကျရသည့် ဆေးကုသစရိတ်လျော့နည်းစေရေးအတွက် နိုင်ငံတော်မှပံ့ပိုးထားသော ဆေးဝါးများဖြင့် လူနာများအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်"မှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ယခုဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသဆောင်သစ်သည် ၁၆၈၀၀ စတုရန်းပေအကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅၉ ဒသမ ၂၀၀ သန်း ကုန်ကျခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံအထူးအဖွဲ့(၂)ကို လုပ်ငန်းအပ်နှံ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့သည်ဟုဆိုသည်။

 ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က  မှော်ဘီဆေးရုံနှစ်ထပ်ဆေးကုသဆောင်သစ်တွင် လူနာများ အသုံးပြုရန်အတွက် လေအေးပေးစက်အလုံး ၂၀ ကို လှူဒါန်းရာ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက လက်ခံရယူပြီး ကျေးဇူး တင်စကား ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သောကာကွယ်ဆေး နှစ်လစာကို သိုလှောင်ထားနိုင်မည့်ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားလည်း ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညွှန်ကြားရေးမှူးချုပ်တို့တက်ရောက် ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေးခန်း သုံးထပ်အဆောက်အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိသော သုံးထပ်ဆောင် အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်းတစ်လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်းတစ်လုံး၊ Washing room တစ်ခန်း၊ Dry store တစ်ခန်းနှင့် အအေးလမ်း ကြောင်း ရုံးခန်းတစ်ခန်းပါဝင်ကြောင်း၊ ပထမထပ်တွင် ရုံးခန်းတစ်ခန်း၊ Function Room သုံးခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ်တစ်ခန်းနှင့် Store တစ်ခန်း၊ Function Room တစ်ခန်း၊ အစားသောက်ပြင်ဆင်ခန်းတစ်ခန်းတို့ ပါဝင်ကြောင်း  သိရသည်။

ယခုဖွင့်လှစ်သည့် ကာကွယ်ဆေးသိုလှောင် အအေးခန်းသုံးထပ်ဆောင်သစ်၏ အဆောက်အအုံ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း ၇၀၈၇ သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇၅၀၀)၊ ကျခံကာ GAVI အထောက်အပံ့ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group