Published_16 Jun 2024

 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ဇွန်လ ၈ ရက် နံနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် သူများ ဖြစ်သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နောက် ၄ ဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
 
ဖမ်းဆီးရမိတရားခံ ချိုကြီး(ခ)ဟိန်းထက်အောင် ၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်း(၃၄)နှစ်အား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊ အ ခန်းအမှတ်(၁၃)တွင် လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက်(၃၀)နှစ်အား လက်လုပ်မိုင်း ၁ လုံး၊ တရုတ် လက် ပစ်ဗုံး ၁ လုံး၊ ရီမု ၁ ခု တို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ပိတောက်လမ်း၊ အမှတ်(၆) ရပ် ကွက်၊ ကျန်စစ်သားအိမ်ရာ၊ နီလာအဆောင်၊ အခန်းအမှတ်(B-7)တွင် လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီး နစ်(၃၄) နှစ်အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ်မြေဩဇာ ၁ ထုပ်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ သီဟလိုင်း၊ အခန်းအမှတ် (၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း(၂၁) နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊အခန်း(၁၀၃) တွင် လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ) ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင် ၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့ သစ်အနီး၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက် ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်စဉ် အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာ ထားသော NUG မှ တရားခံပြေး ရည်မွန် ဦးဆောင်ပြုလုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ တရားခံပြေး ရည်မွန်မှ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းဆင်းပြီးပါက ရန်ကုန်မြို့အတွင်းသို့ လျှို့ဝှက်စွာ ပြန် လည် ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်၊ ခဲယမ်းများ နှင့် ဖောက်ခွဲရေးပစ္စည်းများကိုချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ယင်းကြောင့် ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ) ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင် (ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန် ကျန် တရားခံ ချမ်းငြိမ်းသူ(ခ) ပန်ဒါလေး ခေါင်းဆောင်သည့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက် ခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်၊ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများကိုတရားခံပြေး ရည်မွန် က ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။
 
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေး ရည်မွန် ၏ စေခိုင်းမှုဖြင့် Dark Shadow အမည်ခံ အကြမ်းဖက်အဖွဲ့မှ ရန်ကုန်မြို့ အတွင်း၌ အကြမ်းဖက် ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊တရားခံ ရဲဇော်ထွန်း(ခ)ဖီးနစ် သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ရုံးရှေ့၌ လက်လုပ် မိုင်း ၂ လုံး သွားရောက်ဖောက်ခွဲခဲ့ကြောင်း။တရားခံ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ) ကိုရှိန်း တို့ ၂ ဦးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် လှိုင်သာယာမြို့ နယ်၊ (၅)လမ်းထိပ် ရဲကင်းစခန်းအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း သိရသည်။
 
ယခုအခါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#Published 16 June 2024
#YMG #Yangon_Times #Yangon_Media_Group