Published 15 June2024

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် ရှိ ဧက ၁၂၀၀ကျော် ရှိသည့်  ကေလာသတောင် ကြိုးပြင်ကာကွယ်တောသတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကိုကျင့်သုံးကာ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း(၁,၂၁၆)ဧကရှိသော နယ်မြေကို ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၄၆/၂ဝ၂၄)အရ ယခုလဆန်းပိုင်း၌  သတ်မှတ်လိုက် ကြောင်းသိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝမှုကိုထိန်းသိမ်းရန်၊ တားမြစ်သစ်ပင်များနှင့် အခြားသစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိမ့်စမ်းရေထွက်များ အားထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍  ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်
ကြောင်း သိရသည်။

ကေလာသတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားရခြင်းကြောင့် တန်ဖိုးရှိသစ်မျိုးများဖြစ်သည့် အင်ကြင်း၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ပိတောက်၊ တမလန်းပင်များနှင့် အခြားဒေသမျိုးရင်း သစ်မျိုးများဖြစ်သည့် ယမနေ၊ ဒဟတ်၊ မျောက်ချော၊ သပြေ စသည်တို့အား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ရှားပါးမျိုးစိတ်ဖြစ်သော မျောက်ညိုနှင့် နေထိုင်ကျက်စားလျက်ရှိသော ချေ၊ ဆတ်၊ ဝက်၊ မျောက်နီ၊ တောကြောင်၊ တောကြက်၊ ဒေါင်းနှင့် ငှက်အမျိုးမျိုးစသည့်  တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းနိုင်ခြင်း၊ အဆိုပါ တိရစ္ဆာန်များ၏ နေရင်းဒေသများတိုးပွား လာခြင်းနှင့် မြို့ကြီးတောရကျောင်းရှိ သာသနာပြုရဟန်း/သံဃာများနှင့် မြို့ကြီးကျေးရွာသူ၊ ရွာသားများအတွက် အသုံးပြုသည့်ရေထွက်ဧရိယာများအား ထာဝစဉ်တည်တံ့စေရန် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/NN
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group