Published_ 15 June 2024

ကျောင်းသုံးပစ္စည်းလိုအပ်ချက်များကို တင်ပြဖြည့်ဆည်းရန်နှင့်နေရပ်စွန့်ခွာဒေသမှ ကလေးများကျောင်းအပ်ရာ၌အဆင်ပြေအောင်ဆောင်ရွက်ပေးရန် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားကြောင်း သိရသည်။

 

ယင်းလိုအပ်ချက်များဖြည့်ဆည်းပေးရန် ညွှန်ကြား ချက်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ဒုတိယဝန်ကြီးနှင့်  တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံစဉ်  ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကျောင်းများအားလုံးဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တနှစ်ပတ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကျောင်းများ၊ ဌာနများအလိုက် ဆရာ ဆရာမ၊ ကျောင်းသားဦးရေစာရင်း များမှအစ ရုံးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ရာတွင် အချက်အလက်များကို တိကျမှန်ကန်မြန်ဆန်ရေးအတွက် စနစ်တကျအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့်ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျသုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းအပြင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသမှ ကလေးများ ကျောင်းလာအပ်ပါက အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး အားလုံးလက်တွဲဆောင်ရွက်ပေးကြရန်တို့ကို မှာကြားခဲ့သည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကလည်း e-government အောင်မြင်စွာအကောင်အထည် ဖော် တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့‌ ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group