Published 13 June 2024

ကူဝိတ်နိုင်ငံရှိ နိုင်ငံခြားလုပ်သားများ နေထိုင်ရာ အဆောက်အအုံတစ်ခု ဗုဒ္ဓဟူးနေ့က မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံးလူ ၄၉ ဦး သေဆုံးထားကာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတဲ့အတွက် ကူဝိတ် လက်ထောက်ဝန်ကြီးချုပ်က အဆောက်အအုံပိုင်ရှင်ကို စွပ်စွဲလိုက်ပါတယ်။

သေဆုံးသူတွေက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကို အာဏာပိုင်များက ချက်ချင်းမဖော်ပြသေးပါဘူး။

အလုပ်သမားများ မီးသင့်ဒဏ်ရာကြောင့် တက်ရောက်ကုသနေတဲ့ ဆေးရုံတွေထံ အိန္ဒိယသံအမတ်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဆေးရုံတစ်ခုမှာဆိုရင် အိန္ဒိယလူမျိုးလုပ်သား ၃၀ ကျော် တက်ရောက်နေကြောင်း သံရုံးက ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။

တောင်ပိုင်းပြည်နယ် ကယ်ရာလာအပါအဝင် အိန္ဒိယလူမျိုး အများအပြား မီးလောင်မှုထဲမှာ သေဆုံးသွားတယ်လို့ ကယ်ရာလာ ဝန်ကြီးချုပ် ပီနာရာယီဗီဂျေယန်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ စာရေးသားပေးပို့ခဲ့ပါတယ်။

ကယ်ရာလာမှ ၁၁ ဦးအပါအဝင် ကူဝိတ်ရှိ အိန္ဒိယလူမျိုး ၄၁ ဦး မီးဘေးထဲ သေဆုံးခဲ့တယ်လို့ ပြည်နယ်အပြင်ဘက်ရှိ ကယ်ရာလာ အစိုးရအေဂျင်စီတစ်ခုက ဆိုပါတယ်။

အဆောက်အအုံပိုင်ရှင်တွေရဲ့ လောဘကြောင့် ဒီလိုတွေဖြစ်လာရတယ်လို့ မီးလောင်ရာနေရာကို ရောက်လာတဲ့ လက်ထောက်ဝန်ကြီးချုပ် ရှိတ်ခ်ဖာဟက်ယူဆက်ဖ်ဆော့အယ်ဆဘာက ပြောပြပါတယ်။

ထိုနေရာမှာ ချိုးဖောက်မှုတွေ ရှိမရှိကိုတော့ သေချာမသိရသေးပါဘူး။

ကူဝိတ်နိုင်ငံဟာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တောင်အာရှနဲ့ အရှေ့တောင်အာရှတို့လို နိုင်ငံတွေအပါအဝင် နိုင်ငံခြားသား လုပ်အားတွေကို အလွန်အမင်း မှီခိုနေရပါတယ်။

မီးက အလွှာနိမ့်ကနေ စတင်လောင်ကျွမ်းတဲ့အတွက် အပေါ်ထပ်ကလူတွေ မလွတ်မြောက်နိုင်ခဲ့ဘူးလို့ အသက်ရှင်ကျန်ခဲ့တဲ့ အီဂျစ်ယာဥ်မောင်းတစ်ဦးက ပြောပြပါတယ်။

ဖိလစ်ပိုင်လုပ်သား ၁၁ ဦးထဲက ၃ ဦးကို ဆေးရုံသို့ ခေါ်ဆောင်ထားပြီး ၅ ဦးရဲ့ အခြေအနေကတော့ သေချာမသိရသေးကာ ကျန် ၃ ဦးကတော့ ဘေးကင်းစိတ်ချရတယ်လို့ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သား ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို ချက်ချင်းစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေ တာဝန်ခံသွားရမှာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုအကြောင်းကို နံနက် ၆ နာရီမှာ ဒေသတွင်းအာဏာပိုင်များသို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ထိုကိစ္စနဲ့ ပတ်သက်ပြီး ဝမ်းနည်းပူဆွေးမိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
Source: Reuters
#World_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group